CNI International News

ဘေဂျင်း၊ ဇွန်လ ၆

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် ဇွန်လ ၈ ရက်နေ့မှစပြီး မြောက်ကိုရီးယားနိုင်ငံသို့ နှစ်ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၅ ရက် တွင် ကြေညာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုခရီးစဉ်မှာ ရှီအတွက်  ၇ နှစ်နီးပါး ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသို့ သွားရောက်ခြင်း ဖြစ်ပြီး တရုတ်အစိုးရ အနေဖြင့် မဟာမိတ်ဖြစ်သော မြောက်ကိုရီးယားအစိုးရနှင့် ဆက်ဆံရေးကို ပြန်လည်ခိုင်မာ အောင် ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်သည်။  

ခရီးစဉ်အတွင်း ရှီသည် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် တွေ့ဆုံကာ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် အပြန်အလှန် ဆက်နွှယ်မှုရှိသည့် ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ကာ ဆွေးနွေးသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။  

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

COVID-19 ကပ်ရောဂါကြောင့် နှစ်နိုင်ငံကြား ထိတွေ့ဆက်ဆံမှုများ ရပ်တန့်သွားခဲ့ပြီးနောက်ပိုင်း တရုတ်အစိုးရ သည် မြောက်ကိုရီးယားအစိုးရကို ၎င်း၏ ဩဇာလွှမ်းမိုးမှုအောက်သို့ ပြန်လည်ဆွဲသွင်းရန် ကြိုးပမ်းခဲ့သည်။

အထူးသဖြင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်သည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ပံ့ရန် အတွက် စစ်သားများနှင့် လက်နက်ခဲယမ်းများ ပေးပို့ကာ ရုရှားအစိုးရနှင့် ဆက်ဆံရေး ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်လာခဲ့ပြီးနောက် တရုတ်နိုင်ငံက ယခုကဲ့သို့ ဆက်ဆံရေးကို ပြန်လည်ထိန်းကျောင်းရန် ကြိုးပမ်းလာ ခြင်း ဖြစ်သည်။  

တရုတ်နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံသည် လွန်ခဲ့သော ၆၅ နှစ်ကတည်းက ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန် အလှန် ရိုင်းပင်းကူညီရေးစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုစာချုပ်အရ တစ်နိုင်ငံက တိုက်ခိုက်ခြင်း ခံရပါက နောက်တစ်နိုင်ငံက စစ်ရေးအရ မဖြစ်မနေ ကူညီပံ့ပိုးပေးရန် ဥပဒေကြောင်းအရ အပြန်အလှန် တာဝန်ရှိသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်မ်ဂျုံအန်ကို တွေ့ရစဉ်

“တရုတ်ဘက်က သွယ်ဝိုက်ပြီး ပေးချင်တဲ့ မက်ဆေ့ခ်ျကတော့ မြောက်ကိုရီးယားကိစ္စနဲ့ ပတ်သက်လာရင် တရုတ် ဟာ အဓိက ဦးဆောင်သူ ဖြစ်နေဆဲပဲ ဆိုတာပါပဲ။ ဒီမက်ဆေ့ခ်ျကို ပေးပို့ချင်တဲ့ အဓိက နိုင်ငံတွေထဲက တစ်ခုက တော့ ရုရှားနိုင်ငံပဲ ဖြစ်ပါတယ်” ဟု Asia Society ၏ သုတေသီတစ်ဦးဖြစ်သူ ဂျွန် ဒီလူရီ (John Delury) က ပြောကြားခဲ့သည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာရေးရာဌာနက ဇွန်လ ၅ ရက်တွင် ရှီ၏ ခရီးစဉ်ကို ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်သည် ပြီးခဲ့သည့်လအတွင်း ပေကျင်းမြို့တော်၌ ရှီသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump)၊  ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) တို့နှင့်  ထိပ်သီးတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

“နှစ်ဖက်စလုံးအနေနဲ့ အခုခရီးစဉ်ကို အခွင့်ကောင်းတစ်ခု အနေနဲ့ အသုံးချပြီး ခေတ်ကာလနဲ့အညီ တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်လာအောင် မြှင့်တင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ မော်နင်း (Mao Ning) က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

Source: ရိုက်တာ