CNI International News

ပြုံယမ်း၊ ဇွန်လ ၉

တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) သည် နှစ်ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်အဖြစ် ဇွန်လ ၈ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း Korea Times မှ ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက ရုရှားနှင့် ပိုမို နီးကပ်လာခြင်းကြောင့် ကိုရီးယားကျွန်းဆွယ်အရေးတွင် တရုတ်၏ ရပ်တည် ချက် ခက်ခဲရှုပ်ထွေးနေချိန်၌ပင် တရုတ်နှင့်မြောက်ကိုရီးယား၏ အစိုးရမီဒီယာများက နှစ်နိုင်ငံဆက်ဆံရေးကို "သွေးစည်းညီညွတ်ပြီး နှောင်ဖွဲ့ထားသည့် ဆက်ဆံရေး" ဆိုသည့် အသုံးအနှုန်းများကို ကျယ်ကျယ်ပြန့်ပြန့် သုံးနှုန်း ဖော်ပြခဲ့ကြသည်။  

ယခုကဲ့သို့ နှစ်နိုင်ငံဆက်ဆံရေးကို အမွှမ်းတင်သည့် သတင်းထုတ်ပြန်ချက်များသည် ပုံမှန်သံတမန်ရေးရာ လုပ် ဆောင်ချက်လား သို့မဟုတ် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အဆင့်သို့ တရားဝင် မြှင့်တင်တော့မည့် ရှေ့ပြေးနိမိတ်လား ဆိုသည့်အပေါ် လေ့လာသူများကြား ယူဆချက် အမျိုးမျိုး ထွက် ပေါ်နေသည်။

သမ္မတရှီကို ကြိုဆိုနေကြစဉ်

တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းအေဂျင်စီ၏ ဖော်ပြချက်အရ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong Un) နှင့် ဇနီးဖြစ်သူ ရီဆိုးလ်ဂျူ (Ri Sol-ju) တို့သည် မွန်းတည့်ချိန်တွင်  ပြုံယမ်းမြို့ ဆူနန်လေဆိပ် (Sunan Airport) ၌ သမ္မတရှီနှင့် ဇနီးဖြစ်သူ ဖန်လီယွမ် (Peng Liyuan) တို့ကို ကြိုဆိုခဲ့ကြသည်။

တရားဝင် ကြိုဆိုပွဲ အခမ်းအနားကို ကင်မ်အီဆွန်းရင်ပြင် (Kim Il Sung Square) တွင် ကျင်းပခဲ့ပြီး အမြောက် ၂၁ ချက် ပစ်ဖောက်ကာ ဂုဏ်ပြုခဲ့သည်။

ရင်ပြင်၏အလယ်တွင် ခေါင်းဆောင်နှစ်ဦး၏ ပုံတူ ဓာတ်ပုံကြီးများကို ချိတ်ဆွဲထားပြီး၊ ထိုပုံများ၏ ဘေးတစ်ဖက် တစ်ချက်၌ ကိုရီးယားနှင့် တရုတ်ဘာသာစကား နှစ်မျိုးဖြင့် "တရုတ်-ကိုရီးယား ချစ်ကြည်ရေးသည် ထာဝစဉ် တည်တံ့ပါစေ" နှင့် "နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရေးနှင့် ညီညွတ်ရေး ထာဝရတည်တံ့ပါစေ" ဆိုသည့် စာတန်းများကို ချိတ်ဆွဲထားသည်။

ကင်မ်နှင့်ရှီတို့က စင်မြင့်ထက်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့ကို ကြည့်ရှုနေချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များက "ရဲဘော် ရှီကျင့်ဖျင် ကျန်းမာပါစေ" ဟု ကိုရီးယားဘာသာစကားဖြင့် သံပြိုင်အော်ဟစ် ကြိုဆိုခဲ့ကြသည်။

သမ္မတရှီကို ကြိုဆိုနေကြစဉ်

သမ္မတရှီသည် ၎င်း၏ခရီးစဉ် မတိုင်မီ မြောက်ကိုရီးယား အစိုးရပိုင် Rodong Sinmun သတင်းစာကို ဆောင်းပါး တစ်စောင် ရေးသားပေးပို့ခဲ့ပြီး ထိုဆောင်းပါးထဲတွင် “နှစ်နိုင်ငံပြည်သူများသည် ပျော်ရွှင်စရာနှင့် ဝမ်းနည်းစရာ များကို အတူတကွ မျှဝေခံစားပြီး သေရေးရှင်ရေး အခြေအနေများကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ရင်း သွေးစည်းညီညွတ်စွာနှောင်ဖွဲ့ထားသည့် ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြသည်” ဟု ရေးသားခဲ့သည်။

ထို့ပြင် နိုင်ငံတကာ အခြေအနေများ မည်သို့ပင် ပြောင်းလဲစေကာမူ အစဉ်အလာရှိသည့် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးသည် မည်သည့်အခါမျှ ယိမ်းယိုင်သွားမည် မဟုတ်ကြောင်း ရှီက ရေးသားခဲ့သည်။  

တရုတ်အစိုးရပိုင် People's Daily သတင်းစာကလည်း ဇွန်လ ၈ ရက်တွင် တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် အယ်ဒီတာ့ အာဘော်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေးကို အမွှမ်းတင်ဖော်ပြခဲ့သည်။

People's Daily သတင်းစာ၏ အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သတင်းစာတွင်လည်း တရုတ်နှင့် မြောက်ကိုရီး ယား နိုင်ငံတို့သည် ၎င်းတို့၏ ရိုးရာချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဖြစ်ပြီး၊ နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွား အတွက်သာမက ဒေသတွင်းနှင့် ဒေသပြင်ပရှိ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ အတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရေးသားဖော်ပြထား သည်။

 Source: Korea Times