CNI International News
ဘေဂျင်း၊ စက်တင်ဘာ ၄
တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်တွင် ဒုတိယကမ္ဘာစစ် ပြီးဆုံးသည့် နှစ်ပေါင်း ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၃၀ ရက်က တီအန်မင်ရင်ပြင် (Tiananmen Square)၌ ပြုလုပ်သည့် စစ်ရေးပြ အခမ်းအနားကို နိုင်ငံပေါင်း ၂၀ ကျော်မှ ကမ္ဘာ့ခေါင်းဆောင်များ တက်ရောက်ခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
ထိုစစ်ရေးပြ အခမ်းအနားသည် ဘေဂျင်းတွင် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် စစ်ရေးပြ အခမ်းအနားဖြစ်ပြီး ပထမအကြိမ်က စစ်ရေးပြ အခမ်းနားကို ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့သည်။
ဒေသစံတော်ချိန် နံနက် ၉ နာရီမှ စတင်ပြီး မိနစ် ၉၀ နီးပါးကြာ ပြုလုပ်ခဲ့သည့် စစ်ရေးပြ အခမ်းအနားသည် တရုတ်၏ စစ်အင်အား ကြီးမားလာမှုကို ပြသသော အခမ်းအနားအဖြစ် ရှုမြင်ခံခဲ့ရသည်။
ထို့ပြင် တရုတ်သည် ၎င်း၏ ကမ္ဘာလုံးဆိုင်ရာ ခေါင်းဆောင်မှုကဏ္ဍကို ပိုမိုခိုင်မာစေရန်နှင့် သံတမန်ရေး ဩဇာ အာဏာ မြင့်တက်လာမှုကို ပြသသည့် အားထုတ်ကြိုးပမ်းမှု အဖြစ်လည်း ကျွမ်းကျင်သူများ ယူဆခဲ့သည်။
ထိုစစ်ရေးပြ အခမ်းအနားတွင် သတိပြုရမည့် အချက် ၅ ချက်ရှိခဲ့ပြီး ထိုအချက်များကို ဖော်ပြပေးသွားမည် ဖြစ်သည်။
နံပါတ်(၁) ရှီ၊ ပူတင်နှင့် ကင်မ်ဂျုံအန်
*********************************
ထိုစစ်ရေးပြ အခမ်းအနားကို ကမ္ဘာ့ခေါင်းဆောင်ပေါင်း ၂၀ ခန့် တက်ရောက်ခဲ့သော်လည်း တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping)၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန် (Kim Jong-un) ကိုသာ မီဒီယာများက ဦးစားပေး ဖော်ပြခဲ့ကြသည်။
၎င်းတို့ ၃ ဦးသည် ကော်ဇောနီပေါ်တွင် လမ်းလျှောက်ရင်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးစွာ စကားပြောပြီး လက်ဆွဲ နှုတ်ဆက်နေပုံများသည် အနောက်နိုင်ငံများကို ဖီဆန်သည့် အမှာစကားတစ်ခု ဖြစ်သည်ဟု ကျွမ်းကျင် သူများက သုံးသပ်ခဲ့ကြသည်။
တရုတ်စစ်တပ် လက်နက်သစ်ကိုတွေ့ရစဉ်
နံပါတ်(၂) ဘယ်သူတွေ မတက်ရောက်ခဲ့သလဲ
*****************************************
တရုတ်၏ စစ်ရေးပြ အခမ်းအနားကို အမေရိကန်၊ အနောက်ဥရောပ၊ ဂျပန်၊ အိန္ဒိယနှင့် တောင်ကိုရီးယားနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်း မရှိပေ။
နံပါတ်(၃) ရှီက ဘာတွေ သတင်းစကား ပါးခဲ့သလဲ
********************************************
စစ်ရေးပြ အခမ်းအနား၏ အဖွင့်မိန့်ခွန်းတွင် ရှီက ကမ္ဘာကြီးသည် ငြိမ်းချမ်းရေးနှင့် စစ်ပွဲကို ရွေးချယ်ရမည့် အခြေ အနေနှင့် ရင်ဆိုင်နေရကြောင်း၊ တရုတ်သည် မည်သည့် ပုံစံမျိုးနှင့်မဆို မည်သည့်အခါမျှ ခြိမ်းခြောက်ခံရမည့် မဟာနိုင်ငံ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုမှတ်ချက် စကားများသည် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များကို ရည်ညွှန်းခဲ့ခြင်း ဖြစ်နိုင်သည်ဟု ကျွမ်းကျင် သူများက ပြောကြားခဲ့သည်။
ရှီ၊ ပူတင်နှင့် ကင်မ်တို့၏ ဓာတ်ပုံများအရ တရုတ်သည် ၎င်း၏ မိတ်ဆွေများနှင့်အတူ ရပ်တည်ရန် တွန့်ဆုတ်နေ မည် မဟုတ်ဘဲ၊ ၎င်း၏ မိတ်ဆွေများသည် နိုင်ငံတကာတွင် ဝေဖန်ရှုတ်ချ ခံနေရသည့်တိုင် ထိုမိတ်ဆွေများကို ထောက်ခံသွားမည့် သဘောထားကို ပြသခြင်းဖြစ်ကြောင်း အတ္တလန္တိတ်ကောင်စီ၏ Global China Hub မှ ကျွမ်းကျင်သူ ဝမ်တီဆောင်း (Wen-ti Sung) က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း ထိုစစ်ရေးပြ အခမ်းအနားနှင့်ပတ်သက်ပြီး ၎င်း၏ မှတ်ချက်စကားကို Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
“သူတို့က အမေရိကန်ကို ဆန့်ကျင်နေပေမယ့်လည်း ဗလာဒီမာပူတင်နဲ့ ကင်မ်ဂျုံအန်ကို ကျနော်က အလေးထား ပါတယ်လို့ ပြောပါရစေ” ဟု ထရမ့်က ထေ့ငေါ့သည့် ပုံစံဖြင့် ရေးသားခဲ့သည်။
နံပါတ်(၄) စစ်အင်အားပြသမှု
**************************
ထိုစစ်ရေးပြ အခမ်းအနားအတွင်း တရုတ်သည် တင့်ကားများနှင့် ဒရုန်းများမှအစ တာဝေးပစ် ဒုံးကျည်များနှင့် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်များ၊ တိုက်လေယာဉ်များ၊ ကိုယ်ပျောက် လေယာဉ်များအဆုံး နောက်ဆုံးပေါ် စစ်လက်နက်ပစ္စည်းများကို ထုတ်ဖော်ပြသခဲ့သည်။
နံပါတ်(၅) ထိုင်ဝမ်အရေး
**********************
ရှီ၏ မိန့်ခွန်းထဲတွင် “တရုတ်နိုင်ငံ၏ အမျိုးသားပြန်လည် အားသစ်လောင်းမှု”ဆိုသည့် စကားလုံးကို ထည့်သွင်း ပြောကြားခဲ့သည်။
ထိုစကားလုံးသည် ထိုင်ဝမ်ကို တရုတ်၏ တရားဝင် နယ်နိမိတ်ဖြစ်စေရန် တရုတ်၏ အနာဂတ်အတွက် ရှီ၏ ကြီးမားသည့် နှစ်ရှည်စီမံကိန်းကို ဖော်ပြသည့် စကားလုံးဖြစ်သည်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေး (Lai Ching-te)က တရုတ်၏ စစ်ရေးပြ အခမ်းအနားကို လျစ်လျူရှုခဲ့ပြီး ထိုင်ဝမ် ဒေသခံများသည် ငြိမ်းချမ်းရေးကို မြတ်နိုးကြောင်း၊ ထိုင်ဝမ်သည် သေနတ်ပြောင်းဝမှလာသည့် ငြိမ်းချမ်းရေးကို အထိမ်းအမှတ် ပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
Source: South China Morning Post