CNI International News
ဂျာကာတာ၊ စက်တင်ဘာ ၅
အင်ဒိုနီရှားနိုင်ငံတွင် ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြသူများက စက်တင်ဘာ ၄ ရက်တွင် ဂျာကာတာ (Jakarta) မြို့တော်ရှိ လွှတ်တော် အဆောက်အအုံရှေ့တွင် စုရုံးဆန္ဒပြခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ကမ္ဘာ့ တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင် ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ကာ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြမှုများကြား အထိကရုဏ်းများ ဖြစ်ပွားခဲ့သည်။
BEM SI ဟု လူသိများသည် ကျောင်းသားအဖွဲ့အစည်းများ စုပေါင်းထားသည့် ညွန့်ပေါင်းအဖွဲ့ကမူ ပြည်သူများ အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုတွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။
“ပြည်သူတွေကြားမှာ တည်ငြိမ်မှု ပျက်ယွင်းစေတာက လမ်းပေါ်က ဆန္ဒပြမှုတွေကြောင့် မဟုတ်ပါဘူး။ အဂတိ လိုက်စားမှုတွေ၊ နိုင်ငံရေးသဘော သက်ဝင်နေတဲ့ ဥပဒေတွေ၊ ပုံဖျက်ထားတဲ့ သမိုင်းကြောင်းနဲ့ ပြည်သူတွေကို မျက်ကွယ်ပြုထားတဲ့ အစိုးရရဲ့မူဝါဒတွေကြောင့် ဖြစ်ပါတယ်” ဟု BEM SI အဖွဲ့က ပြောကြားခဲ့သည်။
အင်ဒိုနီးရှား ဆန္ဒပြ ကျောင်းသား/သူတွေကို တွေ့ရစဉ်
ပြီးခဲ့သည့် သီတင်းပတ်က ဆန္ဒပြမှုတွင် ရဲကားတစ်စီးက အသက် ၂၁ နှစ်အရွယ် ဆိုင်ကယ် ယာဉ်မောင်းတစ်ဦးကို ဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်သမား သေဆုံးပြီးနောက် ဆန္ဒပြမှုများသည် ဆူပူအုံကြွမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုဆိုင်ကယ် ယာဉ်မောင်း သေဆုံးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက ရဲတပ်ဖွဲ့အရာရှိ တစ်ဦးကို ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် ပြစ်မှုထင်ရှားတွေ့ရှိပြီး ရာထူးမှ ထုတ်ပယ်ခဲ့သည်။
လက်ရှိ အချိန်အထိ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဆန္ဒပြမှုများအတွင်း လူပေါင်း ၃၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ဆူပူအုံကြွမှုများ၊ ပစ္စည်းများကို ဝင်ရောက် လုယက်သည့် ဖြစ်စဉ်များအတွင်း သေဆုံးသူ ၁၀ ဦးရှိပြီး ၁၀၀၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
“အင်ဒိုနီးရှား အာဏာပိုင်တွေ အနေနဲ့ အစိုးရမူဝါဒတွေနဲ့ ပတ်သက်တဲ့ ဆန္ဒပြမှုတွေကို အင်အား အလွန်အကျွံ သုံးပြီး မဖြိုခွဲသင့်ပါဘူး”ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မီနာစီ ဂန်ဂူလီ (Meenakshi Ganguly) က ပြောကြားခဲ့သည်။
Source: ရိုက်တာ