CNI International News

ဂျာကာတာ၊ အောက်တိုဘာ ၂၁

အင်ဒိုနီးရှားနိုင်ငံတွင် သမ္မတ ဘရာဘိုဝို ဆူဘီယန်တို (Prabowo Subianto) အာဏာရလာခဲ့သည့် တစ်နှစ်ပြည့် နှစ်ပတ် လည်ဖြစ်သော အောက်တိုဘာ ၂၀ ရက်၌ ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အင်ဒိုနီးရှားတွင် အစိုးရ၏ ပွင့်လင်းမြင်သာမှုနှင့် ပြည်သူများ၏ စကားသံများကို မျက်ကွယ်ပြုမှုနှင့်ပတ်သက်ပြီး နိုင်ငံတစ်ဝန်း ဆူပူအုံကြွမှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂ လအကြာ၌ ဂျာကာတာမြို့တော်မှာ ကျောင်းသားများ ဦးဆောင်ကာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ဘရာဘိုဝို၏ အစိုးရအဖွဲ့ အစည်းအဝေး ပြုလုပ်နေသည့် သမ္မတနန်းတော် အနီးတွင် အဝါရောင် ဂျာကင်များ ဝတ်ထားသော ကျောင်းသား ၃၀၀ ခန့် စုရုံး ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ထိုဆန္ဒပြမှုသည် ဩဂုတ်လက ကျောင်းသားများ ဦးဆောင်သော ဆန္ဒပြမှု၌ ပါဝင်သည့် လူအင်အားလောက် များပြားခဲ့ခြင်းမရှိပေ။

သမ္မတ ဘရာဘိုဝို၏ ပထမနှစ်အတွင်း စာသင်ကျောင်းများ၌ နေ့လယ်စာ  အခမဲ့ကျွေးမွေးသည့် အစီအစဉ်ကိုလည်း ကျောင်းသားများက ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အင်ဒိုနီးရှားသမ္မတ ဘရာဘိုဝိုကို တွေ့ရစဉ်

ထိုနေ့လယ်စာ အခမဲ့ ကျွေးမွေးသည့် အစီအစဉ်ကြောင့် ကျောင်းသားများ အစာအဆိပ်သင့်မှု ဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားခဲ့သဖြင့် ဘရာဘိုဝို၏ အစီအစဉ်သည် ဝေဖန်ခံခဲ့ရသည်။

“နေ့လယ်စာ အခမဲ့ကျွေးတဲ့ အစီအစဉ်က အဆိပ်ခတ်နေတာနဲ့ တူနေပါတယ်”ဟု ရေးသားထားသည့် လက်ကိုင် ပိုစတာများကို ကျောင်းသားများက ကိုင်ဆောင်၍ ဆန္ဒပြခဲ့ကြပြီး ထိုအစီအစဉ်ကို အဆုံးသတ်ရန် တောင်းဆိုခဲ့ ကြသည်။

 “အဲဒီအစီအစဉ်ကို စတင် အကောင်အထည်ဖော်ခဲ့ပေမယ့် မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေ ရှိနေဆဲဖြစ်ပါ တယ်” ဟု အသက် ၂၅ နှစ်အရွယ် ဆန္ဒပြကျောင်းသားတစ်ဦးက ပြောကြားခဲ့သည်။

ဩဂုတ်လ အတွင်းက ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုတွင်လည်း ရဲကားတစ်စီးက ပစ္စည်းပို့သည့် မော်တော်ဆိုင်ကယ် ယာဉ်မောင်းတစ်ဦးကို ဝင်တိုက်ခဲ့သဖြင့် ဆိုင်ကယ်သမား သေဆုံးခဲ့ပြီးနောက် ဆန္ဒပြမှုများ အရှိန်အဟုန် မြင့်တက်ခဲ့ပြီး ဘရာဘိုဝို အစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ခဲ့သည်။

လက်ရှိတွင် ဘရာဘိုဝို၏ ပထမနှစ်အတွင်း ၎င်း၏ မူဝါဒများ၌ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု အားနည်းခြင်း ကြောင့် အမည်းစက်ထင်ခဲ့ကြောင်း အင်ဒိုနီးရှား၏ အမျိုးသား သုတေသနနှင့် ဆန်းသစ်တီထွင်မှုအေဂျင်စီမှ နိုင်ငံရေးသုတေသီ ဝါစစ္စတို ရာဟာဂျို ဂျတီ (Wasisto Raharjo Jati) က ပြောကြားခဲ့သည်။

“ယေဘုယျ ပြောရမယ်ဆိုရင် ဘရာဘိုဝို အစိုးရဟာ ပထမနှစ်မှာပဲ ပွင့်လင်းမြင်သာမှုနဲ့ ပြည်သူတွေရဲ့ စကားသံကို နားထောင်မှုအပိုင်းမှာ အားနည်းမှုတွေကြောင့် ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်” ဟု ဂျတီက ဘရာဘိုဝို၏ နေ့လယ်စာ အခမဲ့ကျွေးမွေးသည့် အစီအစဉ်ကို ရည်ညွှန်းပြောကြားခဲ့သည်။

Source: Nikkei Asia