CNI International News

ပဲရစ်၊ မတ်လ ၂၄

လာမည့် သီတင်းပတ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်မှောက်မှုများနှင့် ဆန္ဒပြမှုများလုပ်ဆောင် သွားရန် ပြင်သစ်သမဂ္ဂများက တောင်းဆိုခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြသည်။

ကြာသပတေးနေ့တွင် လူကြိုက်နည်းသည့် ပင်စင်ပြုပြင်ပြောင်းလဲမှုများနှင့်ပတ်သက်၍ နိုင်ငံတွင်း လူ ၁ သန်း ကျော်က ဆန့်ကျင်ဆန္ဒပြခဲ့ကာ လာမည့် သီတင်းပတ်ဆန္ဒပြပွဲများက ချားလ်ဘုရင် ၃ ၏ ပြင်သစ်ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်။

အကြမ်းဖက်မှုများရှိခဲ့သော ပဲရစ်(Paris) မြို့မှ ပင်စင်မူဝါဒပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆန္ဒပြပွဲများအတွင်း လူပေါင်း ၁၁၉၀၀၀ အထိ စံချိန်တင်ပါဝင်ခဲ့သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောသည်။ စစ်တမ်း ကောက်ယူမှုများအရ ပြင်သစ်အများစုသည် သမ္မတ အီမန်နွယ် မက်ခရွန် (Emmanuel Macron)၏ အနားယူ ရမည့် သက်တမ်းတိုးမြှင့်မှုအပေါ် ကန့်ကွက်ကြသည်ကို တွေ့ခဲ့ရကြောင်း ၎င်းက ဆိုသည်။

ပါဝင်သူ အရေအတွက် မြင့်တက်လာခြင်းကြောင့် လာမည့် အင်္ဂါနေ့တွင်လည်း ဆန္ဒပြမှုများ သပိတ်မှောက်မှု များကို လုပ်ဆောင်ကြရန် သမဂ္ဂများက တောင်းဆိုခဲ့သည်။ ထိုနေ့တွင် ဗြိတိန်ဘုရင်ကြီးသည် ပြင်သစ်ခရီးစဉ်၏ ဒုတိယနေ့အဖြစ် ဘော်ဒိုးမြို့သို့ လာရောက်ရန် စီစဉ်ထားသည်။ တရားမဝင် ဆန္ဒပြပွဲတစ်ခုမှ အဖွဲ့ဝင်တစ်ဦးသည် ကြာသပတေးနေ့ ညနေပိုင်းတွင် ဘော်ဒိုး (Bordeaux) မြို့ မြို့တော်ခန်းမ၏ သစ်သားတံခါးကြီးအား မီးတင်ရှို့ ခဲ့သည်ဟုလည်း Sud Ouest သတင်းစာတွင် ဖော်ပြထားသည်။

ပဲရစ်မြို့တွင် စုဝေးချီတက်ဆန္ဒပြခဲ့ကြစဉ်(ဓါတ်ပုံ-အေပီ)

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၁ သန်းကျော်သည် ကြာသပတေးနေ့ ဆန္ဒပြချီတက်မှုများတွင် ပါဝင် ခဲ့သည်ဟုလည်း ပြည်ထဲရေးဌာနက ပြောသည်။ အကြမ်းဖက်မှုများရှိနေသော်လည်း ပြည်ထဲရေးဝန်ကြီး ဂျာရယ် ဒါမာနင် (Gerald Darmanin) က လုံခြုံရေးအတွက် မည်သည့်ပြဿနာမှ မရှိဟု အာမခံကာ ဗြိတိန်ဘုရင်ကို ကြိုဆိုသွားမည်ဟု ပြောခဲ့သည်။ မက်ခရွန်က ပင်စင်ဥပဒေမှုကြမ်းနှင့်ပတ်သက်သည့် ခိုင်မာသောရပ်တည်ချက်ကို ပြသခြင်းဖြင့် ဝေဖန်သူများကို ပိုမိုဒေါသထွက်စေခဲ့ပြီးနောက် တစ်နေ့တွင် ထိုသို့ ဆန္ဒပြပွဲကြီးများ ပေါ်ပေါက် လာရခြင်းဖြစ်သည်။

သီတင်းပတ်ကုန်ပိုင်းတွင် မိမိတို့အစီအစဉ်ဖြင့် ဆန္ဒပြပွဲများပြုလုပ်ပြီး အင်္ဂါနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင့်ကန့်ကွက်မှု လုပ်ဆောင်သွားရန် ပင်စင်မူဝါဒပြောင်းလဲမှုကို ဆန့်ကျင်နေသည့် သမဂ္ဂအဖွဲ့ရှစ်ခုမှ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

ဆန္ဒပြသူများသည် ပြင်သစ်ရှိ Charles de Gaulle လေဆိပ် နှင့် ဆိပ်ကမ်းများကို ပိတ်ဆို့ထားခြင်းကြောင့် ခရီးသွားလာမှု အခက်အခဲများလည်းပေါ်ပေါက်ခဲ့သည်။ ပြင်သစ်တွင် မျက်နှာဖုံးစွပ် ဆန္ဒပြအုပ်စုများက အသင့်စားစားသောက်ဆိုင်နှစ်ခု၊ စူပါမားကတ်တစ်ခုနှင့် ဘဏ် တစ်ခုတို့ကို တိုက်ခိုက်ခဲ့ပြီး ယင်းက အကြမ်းဖက်မှုများမြင့်တက်လာသည့်သဘောဖြစ်ရုံသာမက ငြိမ်းချမ်းစွာ ဆန္ဒပြသူများထက်ပို၍ အာရုံစိုက်စရာဖြစ်ခဲ့သည်။

Source:AP