CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၂၄

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ မြန်မာများနေထိုင်သည့် အဆောက်အဦ၌ စစ်ဘက်ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါးများ တွေ့ရှိခဲ့မှုကြောင့် ယခင်ကထက် စစ်ဆေးမှု များပြားလာနိုင်သလို လုံခြုံရေး ပိုမို တင်း ကြပ်လာနိုင်ကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

မဲဆောက်မြို့ မယ်ပရှိ အဆောက်အဦ တစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)များက နယ်စပ် ဖြတ် ကျော် နေထိုင်ခိုလှုံနေသည်ဟု တင်ပြမှုများရှိသဖြင့် မတ်လ ၂၂ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ရာတွင် စစ်ဘက် ဆိုင်ရာ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါးများ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဘန်ကောက်ပို့စ်က ရေးသား ဖော်ပြ ထားသည်။

ထိုအခြေအနေများကြောင့် ထိုင်းနိုင်ငံအတွင်း စစ်ဆေးမှုများသည် ယခင်ထက် ပိုမို များပြားလာနိုင်သဖြင့် တရား မဝင် ရောက်ရှိ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအတွက် စိုးရိမ်ဖွယ်ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းစစ်တပ်က မြန်မာများနေတဲ့ လေးထပ်ဈေးတန်းကို စီးနင်းစစ်ဆေး နေစဉ်

ဦးမင်းဦးက “ဒီဟာနဲ့ပတ်သက်ပြီးတော့ သူတို့ လိုက်ပြီးတော့ ရှာနေဦးမှာပဲလေ။ သူတို့မှာ သတင်းရထားတဲ့လူ ဥပမာ ဒီလူ ဒီလူပေါ့လေ သူတို့အနေနဲ့ ဘယ်နယ်မြေမှာ နေတယ်ဆိုပြီးတော့ သူတို့ကို သတင်းပေးထားတယ်ဆို ရင် သူတို့ လိုက်ပြီးတော့ ရှာမှာပဲ။ ရွှေ့ပြောင်း အလုပ်သမားတွေ အတွက်ကတော့ အဲဒီ စစ်ဆေးတဲ့ဟာက နဂိုကမှ ပိုပြီးတော့ စစ်တာဆေးတာက များတဲ့အထဲမှာမှ အဲဒီဟာက တစ်ခါထပ်ပြီးတော့ စိုးရိမ်ကြောင့်ကြများမှာပေါ့။ အထူးသဖြင့် အထောက်အထား မရှိတဲ့လူတွေဆိုရင် အုတ်ရောရော ကျောက်ရောရော အကုန်လုံး အဖမ်းခံရမှာ။ အထူးသဖြင့် အထောက်အထား မရှိတဲ့လူတွေဆို သတိထားရမှာပေါ့။ သူတို့ ယုန်ထောင် ကြောင်မိတွေဖြစ်မှာ ဒါ စိုးရိမ်စရာ ဖြစ်တာပေါ့။ ရိုက်ခတ်မှုက အထူးသဖြင့်တော့ ဒီမဲဆောက်ဒေသမှာ ပိုပြီးဖြစ်နိုင်တယ်။ မဲဆောက်မှာ မြန်မာ တရားဝင်၊ တရားမဝင်ရော၊ refugee တို့ ဘာတို့ကိုပြောတာ မဟုတ်ဘူး။ မြို့မှာနေကြတာ ငါးသောင်း ဝန်းကျင်လို့ ခန့်မှန်းတယ်။ ဒီထက်ပိုပြီး များနိုင်တယ်ပေါ့။ ကိုယ့်ရဲ့လုံခြုံရေးပေါ့ အစစ၊ အရာရာ ပိုပြီးတော့ ဂရုစိုက် သင့်တယ်။ ဒီအကြောင်းပြချက်နဲ့ ပိုပြီး စစ်ဆေးမှုတွေ လုပ်မယ်။ နောက် မလိုလားအပ်တဲ့ အထောက်အထားမဲ့တဲ့ သူတွေကို ခြိမ်းခြောက်ပြီးတော့ သူတို့လိုချင်တဲ့လူကို ရှာရင်းနဲ့ ငွေညစ်တာတို့ဘာတို့ ရှိနိုင်တယ်” ဟု ပြောသည်။

ထိုသို့ ဝင်ရောက်စီးနင်းခဲ့ရာတွင် ၎င်းတို့ရရှိထားသည့် လူပုဂ္ဂိုလ်များ၏ ဓာတ်ပုံများပြသကာ စစ်ဆေးမေးမြန်းခြင်း ဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းစစ်တပ်က မြန်မာများနေတဲ့ လေးထပ်ဈေးတန်းကို စီးနင်းစစ်ဆေး နေစဉ်

ထိုင်းစစ်သား၊ လူဝင်မှုကြီးကြပ်ရေးအရာရှိများ၊ ဒေသဆိုင်ရာအရာရှိများ ပူးပေါင်းတပ်ဖွဲ့များ ပါဝင်ကာ ဝင်ရောက် စီးနင်းခဲ့သည့် ထိုအဆောက်အဦတွင် မြန်မာနိုင်ငံသား ၂၀၀ ဝန်းကျင်ခန့်ရှိပြီး ကျည်ဆန်များ၊ စစ်ဘက်ဆိုင်ရာ ပစ္စည်း၊ ယူနီဖောင်းများ၊ ဒရုန်းများ၊ တော်လှန်ရေးတပ်ဖွဲ့များ၏ အမှတ်တံဆိပ်များနှင့် ဆေးဝါးပစ္စည်းများ သိမ်း ဆည်း ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများက ရေးသားဖော်ပြထားသည်။

ထိုပစ္စည်းများအပြင် မြန်မာတရားမဝင် ရွှေ့ပြောင်းလုပ်သား ၈၃ ဦးအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေး မေးမြန်း ခဲ့ကြောင်းနှင့် လက်ရှိတွင် ပြန်လွှတ် ပေးလိုက်သည်ဟု ကြားသိရကြောင်း ထိုင်းနိုင်ငံရှိ မြန်မာ ရွှေ့ပြောင်း အလုပ် သမားအရေး ကူညီဆောင်ရွက် ပေးနေသူများထံက သိရသည်။

လက်ရှိ အခြေအနေများအရ ထိုင်း-မြန်မာ နယ်စပ်ဒေသများတွင် ထိုင်းဘက်မှ လုံခြုံရေးများ ပိုမိုတင်းကြပ် လာနိုင်ကြောင်းလည်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

၂၀၂၃ ခုနှစ်၊ မတ်လ ၂၂ ရက်က ထိုင်းစစ်တပ်က မြန်မာများနေတဲ့ လေးထပ်ဈေးတန်းကို စီးနင်းစစ်ဆေး နေစဉ် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ သိမ်းဆည်းရမိစဉ်

MWRN မှ အကြံပေး ဦးအောင်ကျော်က “နဂိုကတည်းကလည်း ထိုင်းနိုင်ငံ အစိုးရဆိုတာက ဒီမိုကရေစီနိုင်ငံလို့ နာမည်ခံ ထားတာမှအပ သူလည်း တပ်မတော်က အာဏာသိမ်းထားတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက်က တိုင်းပြည်အုပ်ချုပ်နေတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ နိုင်ငံသားတွေအနေနဲ့ ကိုယ့်နိုင်ငံ အတွက် ကူညီတာ၊ ပံ့ပိုးတာ၊ လုပ်ဆောင်တာတွေ အားလုံးလုပ်မယ်ဆိုရင် လုံခြုံစိတ်ချမှုမရှိတဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ အတွက်ကြောင့် မိမိကိုယ်ကို မိမိ အတတ်နိုင်ဆုံး သတိဝိရိယနဲ့ နေထိုင်ဖို့တော့ လိုအပ်တယ်လို့ ကျနော်အနေနဲ့ ထောက်ပြချင်ပါတယ်။ ကျနော် ထင်ပါတယ်၊ အဲဒါက အတွင်းပိုင်းတွေမှာတော့ အဲဒီလောက်အထိ ဖြစ်ဖို့မရှိဘူး။ သူတို့ကိုယ်တိုင် သတင်းရထားတာ ဒီနယ်စပ်ဒေသတွေမှာပဲ အဓိက လက်နက်တွေ၊ ဒါမှမဟုတ် လက်နက်နဲ့ ပတ်သက်တဲ့ ဆက်စပ်ပစ္စည်းတွေ အားလုံးကို ပေးပို့နေတယ်ဆိုတာ သတင်းရထားတဲ့ အတွက်ကြောင့် နယ်စပ် တွေမှာပဲ အဓိက စစ်ဆေးတာပါ။ အတွင်းပိုင်းမှာတော့ အဲဒီလောက်ထိ ဖြစ်လာဖွယ်ရာ အကြောင်း မရှိဘူးလို့တော့ လတ်တလော အနေနဲ့ သုံးသပ်လို့ရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် ခိုးဝင်မည့် မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အထူးသတိထားကြရန်နှင့် လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ လာရောက်ခြင်းမျိုး မပြုလုပ်ပါက ကောင်းမွန်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက အကြံပြုသည်။