CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁

ထိုင်းနိုင်ငံတွင် တောင်ပေါ်သားကဒ် (ခေါ်) ဆယ်နှစ်ခံကဒ်အား လာဘ်ထိုးပြုလုပ်ထားသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော်၏ ကဒ်များ ဖျက်သိမ်းခံရနိုင်ခြေရှိကြောင်း မြန်မာရွှေ့ပြောင်းလုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူ များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့ စည်ပင်သာယာရေးရုံးတွင် အလုံးအရင်းဖြင့် မြန်မာနိုင်ငံသားများ အား ဆယ်နှစ်ခံကဒ် ထုတ်ပေးနေသည့် သတင်းများ ပေါက်ကြားခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် မြန်မာနိုင်ငံသား ၇၀၀ ကျော်ထံမှ အခကြေးငွေများ(ဘတ်သန်းချီ)စွာယူ၍ ဆယ်နှစ်ခံကဒ် ထုတ်ပေးခဲ့သည့် ထိုင်းဝန်ထမ်း ၃ ဦးအား အလုပ်နေရာ ရွှေ့ပြောင်းခြင်းဖြင့် အပြစ်ပေးခဲ့ကြောင်း ထိုင်းသတင်းများ က ဖော်ပြထားသည်။

ထို့ကြောင့် လာဘ်ထိုး၍ ဆယ်နှစ်ခံကဒ် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသား ၇၀၀ ကျော်အား ထိုင်းဘက်မှ အရေးယူ ဆောင်ရွက်မှုများလည်း ရှိလာနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြော သည်။

၎င်းက “အဲဒါကတော့ ဘယ်လိုလာမလဲ ပြောလို့မရဘူး။ ဒီနေရာမှာက နှစ်မျိုးရှိမှာပေါ့။ တစ်မျိုးကကြတော့ သူတို့ တွေဟာ သက်သေအနေနဲ့ ပါသွားတယ်ဆိုရင် တစ်မျိုးဖြစ်မယ်။ ဒါမှမဟုတ်ရင် ကဒ်ပြားက ဒါက အတုလို့ ပြောလို့ မရဘူး။ 

ထိုင်းအာဏာပိုင်ကိုတွေ့ရစဉ်

ဘာလို့ဆို သူတို့မြို့နယ်ထွေအုပ်ရုံးကနေ တရားဝင် အထောက်အထား နံပါတ်နဲ့ ရက်စွဲတွေ ဘာတွေနဲ့ ထုတ်ထားတာလေ။ ကဒ်ပြားက အတုမဟုတ်ဘူး။ ကဒ်ပြား အတုကြောင့်ဆိုပြီးတော့ ကျနော်တို့ အလုပ်သမား တွေ၊ ကဒ်ပြား ကိုင်ဆောင်တဲ့ လူတွေကို တရားစွဲလို့မရဘူး။ တရားစွဲလို့ရမှာက ဘာရမလဲဆိုတော့ ဒီဟာကိုလုပ် တာ အရည်အသွေးမမီဘူးပေါ့။ ပြောရမယ်ဆိုရင် တကယ် နှစ်ဘယ်လောက်ကြာကြာ ရောက်နေတဲ့လူတွေ မဟုတ်ဘဲနဲ့ ဆိုပြီးတော့ပေါ့။ ဒါမှမဟုတ်လည်း အစားထိုးတဲ့ဟာပေါ့။ တစ်ယောက်နဲ့တစ်ယောက် သူတို့ဝင်လာတဲ့ အိမ်ထောင်စုစာရင်းနဲ့ နေရာတွေအပေါ် မူတည်မှာပဲ။ အဲဒီမှာရှိတဲ့ ဆင့်ပွားဆိုရင် သူကြီးတွေ ဘာတွေပေါ့ အိမ်ထောင်စု နာမည်ခံထားတဲ့သူတွေ၊ အဲဒီလူတွေကို အကုန်လုံးစစ်မှာပေါ့။ စစ်ပြီးတော့မှ အဲဒီရလဒ်အပေါ် မူတည်ပြီး တရားစွဲတာလား ဘာလား အဲဒီလိုလုပ်လို့ရမှာ။ တရားစွဲတဲ့အဆင့်တော့ လုပ်လို့မရဘူး။ အဓိကက တော့ ကျနော်တို့ဘက်က ဘာဆုံးရှုံးလဲ။ အဲဒီကဒ်တွေကို သူတို့ပြောပုံအရဆိုရင် ၇၀၀ ဝန်းကျင်လောက် ရှိတဲ့ သုံးလအတွင်းက ဟာတွေကို သူတို့က Cancel လုပ်ပစ်လိုက်ရင် ဒီလူတွေက ပိုက်ဆံကုန်ထားရတယ်လေ။ အဲဒါနာတာပေါ့ မဟုတ်ဘူးလား။ အဲဒါပဲ အဓိကကတော့” ဟု ပြောသည်။

မြန်မာနိုင်ငံသား တချို့သည် ထိုကဒ်အား ငွေကြေး တတ်နိုင်သောကြောင့် ပြုလုပ်ကြခြင်း မဟုတ်သော်လည်း ကဒ် ဖျက်သိမ်းခံရပါက အထောက်အထားမဲ့ အဖြစ်သို့ ရောက်ရှိပြီး ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း မြန်မာရွှေ့ပြောင်း လုပ်သားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

အဆိုပါ မြန်မာနိုင်ငံသား ၇၀၀ ကျော်သည် ၁၀ နှစ်ခံကဒ် အထောက်အထား တစ်ခုရှိရန်အတွက် ဘတ် တစ်သိန်း ဝန်းကျင်အထိ ပေးထားရခြင်းဖြစ်ကြောင်း၊ ထိုင်းသတင်းများ၏ ဖော်ပြချက်အရ မဲဆောက်(မြို့) စည်ပင်ရုံးမှ ကဒ် ထုတ်ပေးသူ ထိုင်းအစိုးရဝန်ထမ်းများမှာ ဘတ်သန်းပေါင်း ၂၀ ကျော်၊ ၃၀ ခန့် ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၁၀ နှစ်ခံကဒ် ရရှိသွားသည့် မြန်မာနိုင်ငံသား ၇၀၀ ကျော်ထဲတွင် နိုင်ငံရေး အခြေအနေများကြောင့် မဲဆောက်ဘက်ခြမ်းသို့ တိမ်းရှောင်နေသူများအပြင် သာမန်လူများလည်း ပါဝင်ကြောင်း ထိုင်းသတင်းများက ရေးသား ဖော်ပြထားကြသည်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကိုတွေ့ရစဉ်

ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက “ဖျက်သိမ်းလိုက်မယ်ဆိုရင် မြန်မာ တွေပေးထားတဲ့ ဘတ် သန်းနှစ်ဆယ်ကျော်က ဘယ်လိုလုပ်မတုန်း။ ဘယ်သူ ပြန်ပေးမတုန်း။ ကွန်ပျူတာ ထဲမှာ သူတို့ လုံးဝကို ဖျက်သိမ်းလိုက်မယ်လေ။ ဒီကဒ် အလွတ်ကြီးက ဘာမှလုပ်လို့ မရဘူးလေ။ လူ ၇၀၀ ကျော် ထုတ် ပေး လိုက်တာကို ဝန်ခံပါတယ်တဲ့ လူကြီးက ပြန်ပြောတယ်။ ဒါပေမယ့် ဆက်ပြီးတော့ လုပ်လို့မရအောင် တား လိုက်ပြီဆိုတော့ ဒီပိုက်ဆံ သန်း နှစ်ဆယ်ကျော်လေ။ သိန်း နှစ်ဆယ် မဟုတ်ဘူး သန်းနှစ်ဆယ်ကျော်။ ဒါအခု သူ့နိုင်ငံသား အချင်းချင်းတိုင်လို့ ဒါဖမ်းတာပေါ့။ သန်းနှစ်ဆယ်ကျော်လေ နှမြောစရာ ကြီးလေ။ ကိုယ်တွေက တော့ ကိုယ့်နိုင်ငံသားတွေ မလုပ်နဲ့ ဒါကတော့ မလုပ်သင့်ဘူး။ ဘတ်လုပ်ပေါ့။ ဘတ်လုပ်လိုက်လေ။ အဲဒီ ဆယ်နှစ် ခံ ကဒ်ပြားထဲမှာ ဘာရေးထားတယ်မှတ်လဲ နိုင်ငံမရှိတဲ့ လူမျိုးတဲ့။ ထိုင်းလို ရေးထားတာကတော့ နိုင်ငံ မရှိဘူး၊ နေရာ အတည်တကျမရှိတဲ့ လူလို့ ပြောတာလေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခု မြန်မာနိုင်ငံသား ၇၀၀ ကျော် ကိစ္စနှင့်ပတ်သက်၍ ၁၀ နှစ်ခံကဒ် လုပ်ပေးရန် ဆောင်ရွက်ပေးသူ၏ အိမ်ထောင်စု စာရင်းအား စစ်ဆေးရာမှာတော့ ထိုသူ၏ အိမ်ထောင်စုစာရင်းထဲတွင် ကဒ်လုပ်သူ အယောက် တစ်ရာနီးပါး ထည့်သွင်းထားကြောင်း သိရသည်။

ထို့နောက် တောင်ပေါ်သားကဒ် (ခေါ်) ၁၀ နှစ်ခံကဒ် ပြုလုပ်ရာတွင် သတ်မှတ်ထားသည့် စံနှုန်းများ ရှိသော်လည်း ယခုကဲ့သို့ လာဘ်ထိုး၍ တစ်စတစ်စ ပြုလုပ်နေကြခြင်း ဖြစ်ကြောင်း၊ ယခုစစ်ဆေး ရမိသွားခြင်းသည် လူဦးရေ ပမာဏ များပြားကာ ထိုင်းလူမျိုးများနှင့် ဌာနဆိုင်ရာ လူအချို့တို့မှ သိရှိသဖြင့် တိုင်ကြားလိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။