CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈

ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာ့ခ်ခရိုင် မဲဆောက်မြို့တွင် အဖမ်းအဆီးနှင့် စစ်ဆေးမှုများ ပိုမိုများပြားလာ၍  မြန်မာနိုင်ငံသားအချို့မှာ အပြင်မထွက်ရဲကြသည့် အနေအထား ဖြစ်နေကြောင်း မဲဆောက်၌ နေထိုင်နေသူများက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ အထောက်အထား ပြန်လုပ်ခွင့် ပြုထားသည့်အတွက် မဲဆောက်ဘက်၌ ဆိုးဆိုးရွားရွား ဖမ်းဆီးနေခြင်းဖြစ်ကြောင်း မဲဆောက်မှာ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မဲဆောက်ထဲမှာဆိုရင် မယ်ကုလို့ခေါ်တာပေါ့။ မယ်ကု ဖုတ်ဖဘက်ကိုသွားတဲ့ လမ်းမှာဆိုရင် ဂိတ်တွေ ချပြီးတော့ကို ဖမ်းတာ။ ဆိုတော့ တော်တော် ဆိုးဆိုးဝါးဝါးလေး ဖမ်းနေတာကို တွေ့ရတယ်ပေါ့။ နောက်တစ်ခုက မြန်မာတွေက ဒီအထောက်အထား မပြည့်စုံတာကို ဖမ်းလို့မရဘူးဆိုတာကို လူတိုင်းမသိဘူးလေ။ စာတတ် စကား တတ်ပြီး ဥပဒေနားလည်တဲ့ လူလောက်ပဲ အဆင်ပြေတာဆိုတော့ စကားပြန်ပြောလို့ရတယ်။ မသိနားမလည်တဲ့ သူတွေဆိုရင် တန်းလျားလို့ ခေါ်တာပေါ့နော် မြန်မာအများစုနေတဲ့ အဆောင်ထဲကနေ မထွက်ဝံ့ဘူး။ တော်တော် များများ အဖမ်းအဆီးများတယ်။ ဘယ်နားမှာ ဖမ်းခဲ့လဲတောင် မသိဘူး။ ထိုင်း လ.ဝ.က ရုံးနဲ့ အစ်ကို့ရုံးက မျက်စောင်းထိုးပဲလေ။ မျက်နှာချင်းဆိုင်လေး။ ဆိုတော့ ဒီအစ်ကို့ရုံးရှေ့ကနေပဲ ဖြတ်သွားတယ်။ မြန်မာတွေ သံဇကာကားနဲ့ တစ်နေ့တည်းကို ၄၊ ၅၊ ၆ စီးဖမ်းသွားတာကို တွေ့ရတယ်”ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက မြန်မာများကို ဖမ်းဆီးထားစဉ်

ထိုင်းနိုင်ငံတစ်ဝန်း၌ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်ကာ စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့ရာ တရားမဝင် လက်နက် အများအပြားနှင့် သံသယရှိသူ ၉၆၆ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဇူလိုင် ၂၃ ရက်နေ့က ထိုင်းရဲတပ်ဖွဲ့၏ လက်ထောက် အကြီးအကဲ တော်ဆက်ခ် ဆွတ်ခ်ဝီမို၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ်မှ သတင်းရေးသား ဖော်ပြခဲ့သည်။

မဲဆောက်သည် မြန်မာနိုင်ငံသား အများအပြား နေထိုင်သည့် မြို့ဖြစ်ပြီး ရွှေ့ပြောင်း လုပ်သားများသာမက ၂၀၂၁ နောက်ပိုင်း၌ ထွက်ပြေး တိမ်းရှောင်နေသော နိုင်ငံရေးနှင့် ဆက်နွယ်နေသူများလည်း နေထိုင်ကြသည်။

အဖမ်းအဆီး ခံရလျှင် နေရပ်သို့ ပြန်ပို့သည့်အချက်ကြောင့် အပြင်မထွက်ရဲ ကြခြင်းဖြစ်ကြောင်း မဲဆောက်နှင့် ဘန်ကောက်သို့ အသွားအပြန် ပြုလုပ်နေသူ ကိုမိုးလေးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျပ်တည်းတာပေါ့။ တော်တော်လေး ကျပ်တည်းတယ်။ အခုက ဘတ်စာရင်း တင်ထားခိုင်းတဲ့ သူတွေ အတွက်တော့ နည်းနည်းချောင်တာပေါ့။ ပြောမယ်ဆိုရင် ဧည့်စာရင်းတိုင်သလိုပေါ့ ဒီအလုပ်သမား တစ်ယောက် သည် ဘယ်သူ့အိမ်မှာ နေတယ်။ ဘယ်အိမ်နံပါတ်နဲ့ သူတို့ရဲ့ ဓါတ်ပုံနဲ့ မွေးသက္ကရာဇ်နဲ့ နာမည်နဲ့ကို သေချာ ထိုင်း မှာ အွန်လိုင်းနဲ့ စာရင်းတင်လို့ ရတယ်ဆိုတော့ စာရင်းတင်ထားတဲ့ စာရွက်တွေ ထွက်တယ်ဆိုရင် နည်းနည်းလေး အနေချောင်တာ သက်သာတယ်။ ဘာမှမရှိတဲ့လူတွေကြတော့ တော်တော်လေး အန္တရယ်များတယ်။ ပြီးတော့ ထိုင်းဘက်မှာ ဘတ်စာရင်း တင်တာကလည်း ကုန်ကျစရိတ်များတယ်။ ကုန်ကျစရိတ်များတော့ တချို့တွေက တင်လို့ မနိုင်ဘူးဆိုရင် ခိုးခိုးဝှက်ဝှက်ပဲ နေကြတယ်။ CDM သမားတို့ မြန်မာဘက်အခြမ်းက ၅၀၅ နဲ့ မိတာတို့ နယ်စပ်တစ်လျှောက်မှာ နေတဲ့လူတွေက မိသွားတယ်ဆိုရင် တချို့တွေက ရွေးထုတ်လို့ရတဲ့ သူတွေရှိသလို မရတဲ့ သူတွေရှိတယ်။ မြန်မာနိုင်ငံ အခုလက်ရှိ ဖြစ်တာနဲ့ ပတ်သက်တယ်ဆိုရင် ပိုပြီးတော့တောင် အန္တရာယ်များတယ်” ဟု ပြောသည်။

ထိုင်းအာဏာပိုင်များက အသွားအလာကို စစ်ဆေးဖမ်းဆီးနေစဉ်

ထိုင်းမှာ နေထိုင်သည့် မြန်မာအချို့သည် ထိုင်းနိုင်ငံ၌ မကြာသေးခင်က ပြုလုပ်ခဲ့သည့် ဝန်ကြီးချုပ်နေရာ မဲခွဲ ရွေးချယ်မှုအပေါ် ဆန္ဒပြရာ တွင် ပါဝင်ခဲ့ကြသူများ ရှိကြောင်း သိရသည်။

လက်ရှိတွင် မဲဆောက်၌ အဖမ်းအဆီးများနေတာကြောင့် အထောက်အထား မရှိသည့် မြန်မာများ ဖမ်းဆီးခံရမည်ကို စိုးရိမ်နေကြသလို အထောက်အထားသွားရောက်၍လည်း မလုပ်နိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေး မတည်ငြိမ် ဖြစ်နေခြင်းကြောင့် ဆူပူမှုဖြစ်ခြင်းများအား ကာကွယ်နိုင်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုံခြုံရေးချထားကြောင်း၊ ထိုသို့ လုံခြုံရေး တင်းကြပ်မှုနှင့်အတူ စစ်ဆေးမှုများလည်း များလာ ဦးမည်ဖြစ်ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ကြသည်။