CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈

မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်ကြား ဆက်ဆံရေးသည် မည်ကဲ့သို့သော အခြေအနေထိ တည်ဆောက် ထားနိုင်နေသလဲဆိုသည့်အပေါ် ပြည်တွင်း/ပြည်ပ နိုင်ငံရေးအသိုင်းအဝိုင်းကြား ဆွေးနွေးသုံးသပ်နေကြသည်။
ယခင်ကတည်းက နှစ်နိုင်ငံစစ်တပ်ချင်း ဆက်ဆံရေးမှာ ယခုတိုင်ရှိနေပြီး စစ်ဖက်နှင့် မဆိုင်သော အရပ်သား အစိုးရပုံစံမျိုး တည်ဆောက်လို သလားဆိုသည်မှာ သုံးသပ်ရခက်ခဲကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မှ ရဲဘော်ဆန်နီက CNI သတင်းဌာနသို့ ပြောသည်။ 

၎င်းက “စစ်တပ်ချင်း ဆက်ဆံရေးကတော့ အရင်ကတည်းက ရှိခဲ့တဲ့ ဆက်ဆံရေးတွေပေါ့နော်၊ အဲဒီဆက်ဆံရေး တွေကလည်း အခုထက်ထိ ရှိနေသေးတယ်လို့ ကျနော်တို့ အဲဒီလိုမြင်တယ်၊ အဲဒီဆက်ဆံရေးတွေ အပေါ်မှာ အခြေခံပြီးတော့ ဒီထိုင်းအစိုးရကလည်း သူ့ရဲ့ ဆက်ဆံရေးကို စစ်တပ်နဲ့ မဆိုင်တဲ့ အရပ်သားအစိုးရရဲ့ ဆက်ဆံရေး ကိုများ တည်ဆောက်ချင်တဲ့ သဘောမျိုးလား ဖြစ်လားတော့ မသိဘူးပေါ့နော်၊ အဲဒါတော့ ကျ‌နော်တော့ သုံးသပ်ရ ခက်ပါတယ်။ ခက်ပါတယ်၊ တော်တော်ကို ခက်ပါတယ်၊ ဘယ်လိုအကျိုးစီးပွားတွေ အပေါ်မှာ အခြေခံတဲ့ ဆက်ဆံ ရေးမျိုးဆိုတာကိုတော့ ကာယကံရှင် ကိုယ်တိုင်ပဲ သိပြီးတော့ ကျနော်တို့ဖက်က မှန်းဆရခက်တဲ့၊ သုံးသပ်ရခက်တဲ့ ဆက်ဆံရေးမျိုး ရှိတယ်လို့ပဲ ကျနော်အနေနဲ့ အဲဒီလိုမြင်ပါတယ်” ဟု ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ထိုင်းဒု၀န်ကြီးချုပ် ဒွန်ပရာမွတ်ဝီနိုင်း တွေ့ဆုံစဉ်

မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်သည် ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ နောက်ပိုင်း မြန်မာ့တပ်မတော်က အာဏာရယူပြီးနောက် မြန်မာနိုင်ငံသို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် ထိုင်း တာဝန်ရှိ ပုဂ္ဂိုလ်များ မကြာခဏ လာရောက်လေ့ရှိကြောင်း သိရသည်။

မြန်မာ့တပ်မတော်နှင့် ထိုင်းတပ်မတော်တို့ မကြာခဏဆိုသလို တွေ့ဆုံဆွေးနွေးမှုများ ရှိနေကြောင်း၊ ထိုင်းနိုင်ငံ အနေဖြင့်လည်း မည်သည့် အစိုးရတက်သည်ဖြစ်စေ မြန်မာ့တပ်မတော်နှင့် ဆက်ဆံနေသည့် တပ်ပိုင်းဆိုင်ရာ မူဝါဒမှာ ပြောင်းလဲမှာ မဟုတ်‌ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့မှ ဒါရိုက်တာ ကိုဗညားက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဇွန်လထဲတောင်မှ လကုန်ပိုင်းလောက်မှာ ထိုင်းနဲ့ မြန်မာ ထာဝရ အတူတကွ ငြိမ်းချမ်းစွာ နေထိုင် ပေါင်း စည်းရေးဆိုတဲ့ ထိုင်းနဲ့ မြန်မာ တွေ့ဆုံပွဲပေါ့၊ တပ်ပိုင်းဆိုင်ရာပေါ့နော်၊ ချင်းမိုင်မြို့မှာ လုပ်သွားတာပေါ့၊ နောက်ပြီး တော့မှ ထိုင်းရဲ့ လက်ရှိ ထိုင်းရဲ့ ဒုဝန်ကြီးချုပ်လို့ပဲ ပြောပြော၊ နိုင်ငံခြားရေးဝန်ကြီးကလည်း တပ်ဖက်ကနဲ့ တအား ကြီးကို ရင်းနှီးတာပေါ့နော်၊ အရင်တုန်းကလည်း ဦးမင်းအောင်လှိုင်နဲ့ ပရာယွတ်ကလည်း အရမ်းကို ရင်းနှီးတဲ့ တပ်ပိုင်းဆိုင်ရာ ပုဂ္ဂိုလ်တွေဖြစ်တယ်၊ နောက်ပြီးတော့မှ တပ်ပိုင်းဆိုင်ရာအရ တချို့ အကျိုးအမြတ်တွေ၊ တချို့ စဉ်းစားချက်တွေက တူညီတာတွေရှိတယ်၊ အဲဒီအတွက်ကြောင့်မို့ ကျနော်ထင်တာကတော့ တပ်ပိုင်းဆိုင်ရာ မူဝါဒ ကတော့ အလွယ်တကူတော့ ပြောင်းမှာ မဟုတ်သေးဘူးပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ခုန ကျ‌နော်ပြောသလိုပဲ သူ့နိုင်ငံရဲ့ အကျိုးစီးပွားတွေ အများကြီးရှိတယ်၊ ဘယ်ပါတီပဲ တက်တက်ပေါ့နော်၊ ဘုရင်ရဲ့ လောင်းရိပ်ကလည်း အများကြီး ရှိသေးတယ်၊ အဲဒီအပေါ်မှာကတော့ အလွယ်တကူတော့ ပြောင်းသွားမှာ မဟုတ်သေးဘူးပေါ့” ဟု ပြော သည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလက ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ရခိုင်ပြည်နယ်မှာ တွေ့ဆုံစဉ်

မြန်မာ-ထိုင်းတို့သည် နယ်စပ်ရေးရာနှင့် ပတ်သက်၍လည်း ပူး‌ပေါင်းဆောင်ရွက်မှုများ ရှိနေသလို ကုန်သွယ်ရေး၊ လုံခြုံရေးများတွင်လည်း စစ်တပ်ချင်း ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေသည်။

အလားတူ နယ်စပ်တစ်လျှောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း လှုပ်ရှားနေသောကြောင့် စစ်တပ်ချင်း ဆက်ဆံရေးမှာ ပြေလည်သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။