CNI International News

နီယာမေ၊ ဇူလိုင် ၂၈ 

နိုက်ဂျာသမ္မတ မိုဟာမက် ဘာဇုမ်း (Mohamed Bazoum) ကို ရာထူးမှ ဖယ်ရှားလိုက်ကြောင်း နိုက်ဂျာစစ်တပ်က နိုင်ငံပိုင်ရုပ်သံမှတဆင့် ကြေညာခဲ့သည်ဟု ရိုက်တာမှ ရေးသား ဖော်ပြခဲ့သည်။ 

ဘာဇုမ်းသည် သမ္မတနန်းတော်အတွင်း ထိန်းသိမ်းခံခဲ့ရပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ ကြေညာချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များသည် ဆိုးရွားသည့် အုပ်ချုပ်ပုံနှင့် ယိုယွင်းလာသည့် လုံခြုံရေး အခြေအနေ များကြောင့် အစိုးရအဖွဲ့ကို ဖြုတ်ချရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု နိုက်ဂျာစစ်တပ်၏ ဗိုလ်မှူးကြီး အာမန်ဒူ အက်ဒရာမာနေး (Amadou Abdramane) က အစီရင်ခံစာတစ်စောင်ကို ဖတ်ကြားခဲ့သည်။

နိုက်ဂျာ၏ နယ်စပ်များကို ပိတ်ပြီး ကာဖျူးအမိန့် ထုတ်ပြန်ကြောင်းနှင့် အစိုးရဌာနများ အားလုံးကို ဆိုင်းငံ့ကြောင်း အက်ဒရာမာနေးက ပြောကြားခဲ့သည်။

နိုက်ဂျာစစ်သားများက ၎င်းတို့သည် ပြည်ပဝင်ရောက် စွက်ဖက်မှုများကို ဆန့်ကျင်ကြောင်းနှင့် ဘာဇုမ်းကို ကောင်း ကောင်းမွန်မွန် ဆက်ဆံမည်ဖြစ်ကြောင်း ပြောသည်။

နိုက်ဂျာစစ်တပ်၏ အာဏာလွှဲပြောင်း ရယူမှုသည် ဗဟိုနှင့် အနောက်အာဖရိက နိုင်ငံများတွင် ၂၀၂၀ နောက်ပိုင်း (၇)နိုင်ငံမြောက် အာဏာသိမ်းမှုဖြစ်သည်။

နိုက်ဂျာသမ္မတ မိုဟာမက် ဘာဇုမ်းကို တွေ့ရစဉ်

ထိုအာဏာသိမ်းမှုများကြောင့် ဆာဟယ် (Sahal) ဒေသတွင် ဂျီဟတ်များ၏ သောင်းကျန်းမှုကို တိုက်ခိုက်နေသည့် အာဖရိကနိုင်ငံများအား အကူအညီပေးနေသည့် အနောက်နိုင်ငံများ၏ အားထုတ်ကြိုးပမ်းမှုများအပေါ် ရှုတ်ထွေး စေခဲ့သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း မာလီနိုင်ငံမှ ပျံ့နှံ့လာခဲ့သည့် ဂျီဟတ်သောင်းကျန်းမှုများသည် ဆာဟယ်ဒေသ၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေသည်။

ပြင်သစ်ကိုလိုနီဟောင်းဖြစ်သည့် ကုန်းတွင်းပိတ် နိုက်ဂျာနိုင်ငံသည် သောင်းကျန်းသူများကို တိုက်ဖျက်ရာတွင် အနောက်နိုင်ငံများ၏ အဓိကမဟာမိတ် ဖြစ်ခဲ့သော်လည်း မာလီနှင့် ဘာကီနာဖာဆို နိုင်ငံများ၌  စစ်အစိုးရ အသစ်များ အပြောင်းအလဲနှင့်အတူ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးတင်းမာမှု မြင့်တက်ခဲ့သည်။

နိုက်ဂျာသည် အာဖရိက ဆာဟာရ ဒေသမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို တားဆီးရာတွင်လည်း ဥရောပသမဂ္ဂ၏ အဓိက မဟာမိတ်ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ပြင်သစ်နှင့် မာလီ အာဏာပိုင်များအကြား ဆက်ဆံရေး တင်းမာခဲ့ပြီးနောက် ပြင်သစ်သည် မာလီရှိ ပြင်သစ်တပ်ဖွဲ့များကို နိုက်ဂျာသို့ ပြောင်းရွှေ့ခဲ့သည်။

ထို့နောက် ပြင်သစ်သည် အလားတူ အခြေအနေကြောင့် ဘာကီနာဖာဆိုမှ ပြင်သစ် အထူးတပ်ဖွဲ့ကို ပြန်လည် ရုပ်သိမ်းခဲ့သည်။

နိုက်ဂျာသမ္မတ မိုဟာမက် ဘာဇုမ်းနဲ့ ပြင်သစ်သမ္မတ မက်ခရွန်ကိုတွေ့ရစဉ်

၁၉၆၀ ပြည့်နှစ်က ပြင်သစ်ထံမှ လွတ်လပ်ရေး ရရှိခဲ့ပြီးကတည်းက စစ်အာဏာသိမ်းမှု လေးကြိမ်ဖြစ်ပွားခဲ့သည့်  နိုက်ဂျာတွင် ဘာဇုမ်း အနိုင်ရခဲ့သည့် ရွေးကောက်ပွဲသည်  ပထမဆုံးအကြိမ် ဒီမိုကရေစီနည်းကျ အာဏာလွှဲ ပြောင်းသော ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သည်။

အမေရိကန်သည် နိုက်ဂျာ၏ လုံခြုံရေးကို မြှင့်တင်ရန် ၂၀၁၂ ခုနှစ်ကတည်းက နိုက်ဂျာကို ဒေါ်လာ သန်း ၅၀၀ ထောက်ပံ့ပေးခဲ့သည်။ 

ဧပြီလကလည်း ဂျာမနီသည် နိုက်ဂျာစစ်တပ်ကို အင်အားတိုးမြှင့်ပေးရန် သုံးနှစ်ကြာမြင့်မည့် ဥရောပ စစ်ဘက် ဆိုင်ရာ မစ်ရှင်တွင် ပူးပေါင်းပါဝင်သွားမည်ဟု ကြေညာခဲ့သည်။ 

"ဘာဇုမ်းဟာ ဆာဟယ်ဒေသမှာ အနောက်နိုင်ငံတွေရဲ့ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။ ပြင်သစ်၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂဟာ နိုက်ဂျာနိုင်ငံနဲ့ နိုက်ဂျာလုံခြုံရေးတပ်ဖွဲ့တွေကို အင်အားမြှင့်တင်ပေးဖို့ ငွေကြေး အများအပြား သုံးစွဲခဲ့ပါတယ်"ဟု ဂျာမနီ၏ ကျွမ်းကျင်ပညာရှင်အဖွဲ့ဖြစ်သည့် Konrad-Adenauer-Stiftung အဖွဲ့မှ ဆာဟယ်ဒေသရေးရာ အကြီးအကဲ အုလ်ဖ်လက်ဆင်း (Ulf Laessing) က ပြောကြားခဲ့သည်။

ယခုဖြစ်ပွားသည့် အာဏာသိမ်းမှုသည် ရုရှားနှင့် အခြားနိုင်ငံများအတွက် နိုက်ဂျာတွင် သြဇာလွှမ်းမိုးမှုကို ဖြန့်ကြက်ရန် အခွင့်အလမ်းတစ်ခုအား ဖန်တီးပေးရာ ရောက်ခဲ့သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

Source: ရိုက်တာ