CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆

မြန်မာ့နိုင်ငံရေးတွင် တပ်မ‌တော် ပါဝင်နေမှုကို လျှော့ချနိုင်ရေး အင်ဒိုနီးရှားနိုင်ငံ၏ ကြိုးပမ်းမှုကြောင့် အလုပ်ဖြစ် နိုင်လား ဆိုသည့်အပေါ် သုံးသပ်မှုများလည်း ရှိနေသည်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှားသည် မြန်မာ့တပ်မတော်ကို နိုင်ငံရေး ကနေ တဖြည်းဖြည်း စွန့်ခွာလာရန် ကြိုးပမ်းလိုကြောင်း၊ မိမိတို့ အင်ဒိုနီးရှား တပ်မတော် အနေဖြင့်လည်း နိုင်ငံရေး မှ တဖြည်းဖြည်း နောက်ဆုတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်ကို နိုင်ငံရေးက ဆုတ်ခွာရန် အများစုက ပြောဆိုနေကြောင်း၊ ထိုသို့ ပြောကြားတိုင်း တပ်မတော် ဘက်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ မရှိတော့ပါက မိမိတို့ တပ်မတော် အနေဖြင့် နိုင်ငံရေးမှ ဆုတ်ခွာ မည်ဟု ပြောကြားကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်း ဌာနသို့ ပြောသည်။

ဦးသိန်းစိန်ကိုတွေ့ရစဉ်

၎င်းက “ကျမတို့က ကြိုးပမ်းလာသမျှတွေကို ကြည့်ပြီး‌တော့မှ ပြောရမယ်ဆိုရင် လွှတ်တော်နိုင်ငံရေးထဲကဖြစ်စေ၊ အရင်သော အရင်သော နိုင်ငံရေး အုပ်ချုပ်မှုစနစ်တွေက ဖြစ်စေ၊ တပ်မတော်က ခွာပါဆိုတဲ့ စကားမျိုးကိုကတော့ လူတိုင်းနီးပါး ပြောကြတယ်၊ အဲဒီစကားတွေကို ပြောကြားတိုင်း ပြောကြားတိုင်းမှာ တစ်ဖက်က ပြန်ပြောတဲ့ စကားတွေ ရှိပါတယ်၊ အဲဒီစကားက ဘာလဲဆိုရင် EAO တွေ မရှိရင်‌တော့ ထွက်ခွာဖို့ ပြန်ဖြေတာ ရှိပါတယ်။ ဆိုလို့ရှိရင် ကျမတို့က မြင်တာကတော့ EAO နဲ့ အစိုးရကြား၊ EAO နဲ့ တပ်မတော်ကြားမှာ အားလုံးမျှမျှတတ ဖြစ်အောင်ကတော့ ညှိရမှာပါ၊ အားလုံးညှိရမယ်၊ အဓိက ညှိတဲ့အခါမှာ ကျမတို့က လူသားတွေဖြစ်တဲ့ အတွက် ကြောင့် ကိုယ့်ဘက်ကိုပဲ အဓိကထားပြီးတော့ ပြောဆိုကြတာကတော့ သဘာဝပဲဖြစ်ပါတယ်၊ ငါကတော့ ဘာလို ချင်တယ်၊ ဘာကြောင့် လက်နက်ကိုင်တယ်၊ တစ်ဘက်က ပြောမှာလဲ လက်နက်ကိုင်ရှိနေလို့ ဒီလိုဖြစ်တယ်၊ ငါတို့ ကတော့ မပေးနိုင်ဘူး။ ဒါဆိုရင် ပြည်ထောင်စု ပြိုကွဲသွားမယ်၊ စသည်အားဖြင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ အစိုးရကြား၊ တပ်မတော်ကြားမှာ အမြင်ကွာဟမှုက တော်တော်လေး ရှိနေပါ သေးတယ်၊ အဲဒါတွေက ညှိနှိုင်းဖို့ အရမ်းလိုအပ်တယ်” ဟု ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး အင်ဒိုနီးရှားအနေဖြင့် နေပြည်တော်သို့ တိတ်တဆိတ် သွားရောက်ပြီး နစကတာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံမှုရှိနေသလို တရားဝင် တွေ့ဆုံမှုလည်း ရှိနေသည်ဟု သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်ဖြင့် သွားနိုင်ပါက စွန့်ခွာနိုင်ကြောင်း၊ လက်ရှိ အနေအထားအရ နိုင်ငံ‌ရေးက စွန့်ခွာရန် တိုက်တွန်းချက်ကို လက်ခံလိမ့်မည် မထင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

လွှတ်တော်ကိုတွေ့ရစဉ်

၎င်းက “သူတို့ ပြောတာဆိုတာတွေ ခန့်မှန်းကြည့်မိသလောက်က အင်ဒိုနီးရှားလမ်းကြောင်းအတိုင်း လိုက်ဖို့တော့ ရှိတယ်၊ ဒါပေမဲ့ သူတို့ ခန့်မှန်းထားတာက ၂၀၀၈ အခြေခံဥပဒေနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကာလအချို့ ဖြတ်သန်းပြီးတော့ လက်နက်ကိုင် တိုက်ပွဲတွေပေါ့နော်၊ အထူးသဖြင့်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ ကို ထိန်းချုပ်နိုင်ပြီ ဆိုလိုတာက တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်စနစ်ကို အပြောင်းအလဲ အခုရှိတဲ့ အနေ အထားအတိုင်းပဲ အပြောင်းအလဲလုပ်ပြီးတော့ ငြိမ်းချမ်းရေးက အာမခံချက်ရှိပြီဆိုတဲ့ အခါမှာ သူတို့လည်း စွန့်ခွာ မယ်ဆိုတဲ့သဘော အခြေခံအားဖြင့် အဲဒီလို ကျနော်‌တော့ နားလည်ထားတယ်၊ ဆိုတော့ အခုအနေအထားမှာက တော့ ကျနော်ထင်တယ် သူတို့က တိုင်းပြည်ပြိုကွဲသွားမှာ ကြောက်တာတို့  ဖရိုဖရဲဖြစ်သွားမှာ ကြောက်တာတို့ ကြောင့် အခုချိန် လောလောဆယ်မှာ နိုင်ငံရေးက စွန့်ခွာဖို့ တိုက်တွန်းလို့ရှိရင် သူတို့ လက်ခံလိမ့်မယ်လို့ မထင်ဘူး” ဟု ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၁၄ အရ လွှတ်တော်၏ ၂၅ ရာခိုင်နှုန်းကို ရွေးကောက်ခံစရာ မလိုဘဲ တပ်မတော်က ခန့်အပ်ခွင့်ရှိသည်။ 

ထို့ကြောင့် ပြီးခဲ့သည့် အရပ်သားအစိုးရ သက်တမ်းအတွင်း တပ်မတော် ပါဝင်မှုအခန်းကဏ္ဍကို တဖြည်းဖြည်းချင်း လျှော့ချရန် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။