CNI International News
ဘန်ကောက်၊ ဇွန်လ ၂၆
ထိုင်းနိုင်ငံ၏ ရာဇဝတ်မှု နှိမ်နင်းရေးဌာန (CSD)၏ အထူးလက်နက်နှင့် နည်းဗျူဟာဌာနခွဲက နိုင်ငံ၏ တောင်ပိုင်း ပြည်နယ်နှစ်ခုနှင့် အရှေ့မြောက်ပိုင်း ပြည်နယ်တစ်ခုတို့မှ ပြန်ပေးဂိုဏ်း၏ အဖွဲ့ဝင်များဟု သံသယရှိသူ သုံးဦးကို ဇွန်လ ၂၅ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ထိုစစ်ဆင်ရေးကို မနက် ၆ နာရီတွင် စတင်ခဲ့ခြင်းဖြစ်ကာ Hanuman တပ်ဖွဲ့၏ အဖွဲ့ဝင် ၈၀ ကို ပြည်နယ်များရှိ ပစ်မှတ်ထားရာ နေရာ ၈ ခုသို့ ဖြန့်ကျက်ခဲ့သည်။
ယခု စစ်ဆင်ရေးသည် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၅ ရက် ဖြစ်ရပ်နှင့် ဆက်စပ်နေသည်။
ထိုအချိန်တွင် လက်နက်ကိုင် အုပ်စုတစ်ခုက နာရာသီဝပ် (Narathiwat) ပြည်နယ်၊ ရန်ဂေး (Rangae) ခရိုင်ရှိ နေအိမ်တစ်ခုမှ အမျိုးသားတစ်ဦးကို ပြန်ပေးဆွဲခဲ့သည်။
အဖမ်းခံရသူသည် နေအိမ်တစ်လုံးတွင် ထိန်းသိမ်းခံခဲ့ရကာ ရိုက်နှက်မှုများကြောင့် နံရံကျိုး ဒဏ်ရာ ရရှိခဲ့သည်။
ထို့နောက်တွင် လက်နက်ကိုင်အဖွဲ့သည် အဖမ်းခံထားရသူ၏ ဆွေမျိုးများကို ဆက်သွယ်ပြီး ပြန်လွှတ်မည် သို့သော်လည်း ဘတ် ၅ သိန်း ပေးရမည်ဟု တောင်းဆိုခဲ့သည်။
ငွေမပေးလျှင် နားရွက်ဖြတ်ခြင်း၊ သေသည်အထိ ညှင်းပန်းသွားမည်ဟုလည်း ခြိမ်းခြောက်သည်။
သက်ဆိုင်ရာ ဆွေမျိုးများက ဘတ် ၃ သန်းကို အရင်ပေးကာ၊ ကျန်ငွေများကို နောက်မှပေးမည်ဟု ညှိနှိုင်းမှုကို ပြန်ပေးသမားများက သဘောတူခဲ့သည်။
ဆန်ဂိုင်ကိုလွတ် (Sungai Kolok)ရှိ နေရာတစ်ခုတွင် ပြန်ပေးငွေကို လက်ခံ ရရှိခဲ့ပြီးနောက်တွင် ဖမ်းဆီးထားသူ အား ပြန်လွှတ်ပေးခဲ့သည်။
ထိုင်းရဲတပ်ဖွဲက လူဆိုးဂိုဏ်းကို ဖမ်းမိခြင်း သတင်းစာရှင်းလင်းပွဲ လုပ်နေစဉ်
ပြန်လွှတ်ပေးပြီးနောက် ပြန်ပေးသမားများသည် ကျန်ငွေ ဘတ် ၂ သိန်းကို ထပ်မံ တောင်းဆိုသည်။
လုံခြုံရေးကို စိုးရိမ်မှုကြောင့် သက်ဆိုင်ရာ ဆွေမျိုးများက ဘတ် ၁ သိန်းကို ထပ်မံပေးခဲ့ရ ပြန်သည်။
ပြန်ပေးသမားများက ကျန်ငွေကို ဆက်လက် တောင်းဆိုချိန်တွင် ဆွေမျိုးများက ထိုကိစ္စကို ရဲတိုင်ရန် ဆုံးဖြတ်ခဲ့ ပြီးနောက်ပိုင်းတွင် ယင်းသည် CSD ထံ ရောက်ရှိလာခဲ့သည်။
စုံစမ်းစစ်ဆေးမှုများတွင် ပြန်ပေး အဖွဲ့ဝင်များသည် တိုက်ခိုက်ရေး အဖွဲ့သားဟောင်းများဖြစ်သည်ကို CSD က တွေ့ခဲ့ရသည်။
သံသယရှိသူ ငါးဦးအတွက် ဝရမ်းထုတ်ပြန်ခဲ့ပြီး ထိုသူများမှ နှစ်ဦးမှာ အသက် ၃၉ နှစ်အရွယ်နှင့် အသက် ၃၃ နှစ် အရွယ်တို့ ဖြစ်သည်။
ထိုသူနှစ်ဦးစလုံးကို ယာလာနှင့် နာရာသီဝပ်ပြည်နယ်များရှိ နေအိမ်များတွင် ဖမ်းမိခဲ့သည်ဟု CSD က ဇွန်လ ၂၅ ရက်တွင် ထုတ်ပြန်သည်။
ကျန်သံသယရှိသူတစ်ဦးကို ခွန်ခန် (Khon Kaen) တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မည်သူမည်ဝါ ဖြစ်သည်ကိုတော့ ဖော်ပြမထားပေ။
ထိုစစ်ဆင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာ အပြည့်အစုံကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန်လည်း CSD က စီစဉ်ထားသည်။
Source: ဘန်ကောက်ပို့စ်