CNI International News

မော်စကို၊ ဇွန်လ ၂၃

အနောက်နိုင်ငံများသည် ယူကရိန်းနိုင်ငံသားတစ်ဦးတည်းသာ ကျန်သည့်အချိန်အထိ ရုရှားကို တိုက်ခိုက်ရန် စေခိုင်းနေဦးမည်ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin)က ထောက်ပြခဲ့သည်။

ထို့နောက် အနောက်အုပ်စုသည် ယူကရိန်းသို့ စစ်လက်နက်ပစ္စည်းများ ထပ်မံ ထောက်ပံ့ပေးနိုင်ကြောင်း၊ သို့သော် ထိုလက်နက်များအတွက် ယူကရိန်းတွင် လုံလောက်သော လူသားအရင်းအမြစ် မရှိကြောင်း အမြဲတမ်းလုံခြုံရေး ကောင်စီဝင်များနှင့် တွေ့ဆုံပွဲ တစ်ခုတွင် ပြောခဲ့ခြင်း ဖြစ်သည်။ 

ရှေ့တန်းစစ်မျက်နှာနှင့် ပတ်သက်သော သတင်းများကို အတိအကျရရှိရန် မဖြစ်နိုင်ခြင်းကြောင့် ယင်းသည် ကနဦး သတင်းသာဖြစ်မည်ကို နားလည်ကြောင်း၊ သို့သော် ယင်းသည် ရှင်းလင်း ထင်ရှားနေသည်ဟု ပူတင်က ပြောသည်။

ယူကရိန်းသို့ စစ်လက်နက်များ ထပ်မံ ထောက်ပံ့ခြင်းမှာ ဖြစ်လာနိုင်စရာ ရှိသော်လည်း တပ်သားသစ်များ စုစည်း ခြင်းမှာ အကန့်အသတ် ရှိနေသည်ဟု ရုရှားခေါင်းဆောင်က ပြောသည်။ 

ယူကရိန်းတွင် စစ်လက်နက်နှင့် တပ်ဖွဲ့ဝင် ဆုံးရှုံးမှုများ ရှိနေသည်ဟု ရုရှားကာကွယ်ရေးဌာနနှင့် လုံခြုံရေး ကောင်စီတို့မှ တင်ပြသည့် အချက်အလက်များပေါ် ပူတင်က မှတ်ချက်ပေး ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိတွင် ယူကရိန်း၏ အနောက်အုပ်စု မဟာမိတ်များသည် ယူကရိန်းနိုင်ငံသား တစ်ဦးတည်းသာ ကျန်တော့ ချိန်အထိ ရုရှားကို တိုက်ခိုက်ခိုင်းနေဦးမည့်ပုံံပင် ဖြစ်သည်ဟုလည်း ပူတင်က ပြောသည်။

ထိုအစည်းအဝေးတွင် ပူတင်သည် ယူကရိန်း၏ ဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကာကွယ်ရေးဝန်ကြီး၏ တင်ပြချက် ကို နားထောင်ကာ ယင်းကို လုံခြုံရေးကောင်စီ အတွင်းရေးမှူး၏ တခြားသော နေရာများမှ ရရှိထားသည့် အချက်အလက်များနှင့် နှိုင်းယှဉ်ခဲ့သည်။ 

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကိုတွေ့ရစဉ် 

လက်ရှိတွင် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်နှင့် ပတ်သက်၍ ရှင်းလင်းတိကျစွာ သိရှိနိုင်ရေးအတွက် လက်ရှိ သတင်းအရင်း အမြစ်များနှင့် ဆက်ဆံရေးကို ထိန်းသိမ်းလုပ်ဆောင်သွားရန် ပူတင်က လုံခြုံရေးကောင်စီ အတွင်းရေးမှူးကို အမိန့်ပေးခဲ့သည်။

ထို့နောက် အထူးစစ်ဆင်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများက လက်ရှိ အခြေအနေအပေါ် ရှုမြင်ပုံများကို လည်း သိရှိရစေရန် တောင်းဆိုခဲ့သည်။ 

ထိုသို့ လုပ်ဆောင်ခြင်းတွင် ကာကွယ်ရေးဌာနကသာ အဓိက တာဝန်ရှိသော်လည်း တခြားသော အေဂျင်စီများ သည်လည်း သတင်းအချက်များကို ထောက်ပံ့ပေးရမည်ဟု ပူတင်က ထပ်လောင်း ပြောဆိုသည်။ 

ကာကွယ်ရေးဌာနနှင့် လုံခြုံရေးကောင်စီတို့၏ အချက်အလက်များအရ ယူကရိန်းတွင် တပ်သားဆုံးရှုံးမှုသည် ၁၃၀၀၀ ကျော် သွားပြီဟု သိရသည်။ 

ပူတင်သည် အနောက်အုပ်စု၏ စစ်လက်နက်ဆိုင်ရာ ထပ်မံ ထောက်ပံ့မှုနှင့် ပတ်သက်သည့် အလားအလာပေါ် ကာကွယ်ရေးဌာနမှ မည်သို့သုံးသပ်သည်ကိုလည်း စိတ်ဝင်တစား ရှိခဲ့သည်။

လက်ရှိတွင် ယူကရိန်း၏ တပ်အင်အားသည် စစ်ပန်းသည့် အလားအလာ မရှိသေးကြောင်းပြောကာ ရုရှား တပ်မှူး များအနေဖြင့် ထိုးစစ်ဆင်မှုများအတွက် စီစဉ်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်သင့်သည်ဟုလည်း ပူတင်က အခိုင်အမာ ပြောခဲ့သည်။ 

တင်ပြချက်များကို နားထောင်ပြီးချိန်တွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

Source: တာ့စ်