CNI International News

မော်စကို၊ စက်တင်ဘာ ၂၃

အနောက်နိုင်ငံများသည် ယူကရိန်းတွင် စစ်သားအင်အား မကုန်မချင်း ရုရှားအား စစ်ပွဲဆင်နွှဲသည့် အိုင်ဒီယာကို ဖက်တွယ်ထားကြောင်း ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြား ခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ရုရှား၏ နယ်နိမိတ်အတွင်းကို တိုက်ခိုက်ရန်အတွက် အနောက်နိုင်ငံများက ထောက်ပံ့ပေးထားသည့် လက်နက် များကို အသုံးပြုရန် စိုးရိမ်စရာမလိုကြောင်း နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ် (Jens Stoltenberg) ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ပက်စ်ကော့ဗ်က ယခုကဲ့သို့ မှတ်ချက်ပေးခဲ့သည်။

"သူတို့က ယူကရိန်းမှာ လူတွေမကုန်မချင်း ကျနော်တို့ကို တိုက်ခိုက်မယ့် အိုင်ဒီယာကို ဖက်တွယ်ထားတာပါ။ အဲဒီ အိုင်ဒီယာကို ဖက်တွယ်ထားတာကိုလည်း ပေါ်လွင်ထင်ရှားအောင် ပြသနေပါတယ်။ စတိုတန်ဘာ့ချ်ရဲ့ ပြောခဲ့တဲ့ စကားမျိုးက အဲဒီအိုင်ဒီယာကို ဖက်တွယ်ထားတာကို ပြသရာရောက်နေပါတယ်" ဟု ပက်စ်ကော့ဗ်က ပြောသည်။

စတိုတန်ဘာ့ချ်သည် ရာထူးမှ ထွက်ခွာရတော့မည့် နေတိုး အတွင်းရေးမှူးချုပ် ဖြစ်သဖြင့် ထိုသို့ ပြောကြားခဲ့ခြင်း လည်း ဖြစ်သည်ဟု ပက်စ်ကော့ဗ်က ဆိုသည်။

"သူက မကြာခင် အလုပ်က အနားယူတော့မှာပါ။ အဲဒါကြောင့် အခုလိုမျိုး တာဝန်မဲ့တဲ့ ပြောကြားချက်ကို ပြောခဲ့တာဖြစ်ပါတယ်" ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

နေတိုးအတွင်းရေးမှူးချုပ် ဂျန်းစ် စတိုတန်ဘာ့ချ်ကို တွေ့ရစဉ်

ထို့ပြင် ဥရောပတွင် နေထိုင်သူအချို့သည် နေတိုးအတွင်းရေးမှူးချုပ် စတိုတန်ဘာ့ချ်၏ အတွေးအမြင်နှင့် ပတ်သက်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်ဟုလည်း ၎င်းက ဆိုသည်။

"စိတ်မကောင်းစရာက သူ့ရဲ့ သဘောထားတွေကို ဥရောပမှာ နေထိုင်သူ အများစုက မျှဝေနေပါတယ်။ ဥရောပက အစွန်းရောက်တဲ့ မှတ်ချက်စကားတွေ အများကြီးကို ကျနော်တို့ ကြားခဲ့ရပါတယ်။ အရမ်းတော့လည်း အလေးထား စရာမလိုပါဘူး" ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

ယူကရိန်းအား အနောက်နိုင်ငံများမှ ထောက်ပံ့ပေးထားသည့် လက်နက်များဖြင့် ရုရှားကို တိုက်ခိုက်ခွင့်ပြုမည် ဆိုပါက နေတိုးအဖွဲ့သည် ယူကရိန်းပဋိပက္ခတွင် တစ်နည်းနည်းဖြင့် ပါဝင်နေသည်ဟု ယူဆ၍ မရနိုင်ကြောင်း စတိုတန်ဘာ့်ချ်က ပြောကြားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) ကမူ ယူကရိန်းအား အနောက်နိုင်ငံလုပ် လက်နက်များ အသုံးပြု ပြီး ရုရှား၏ နယ်နိမိတ်များကို တိုက်ခိုက်ခွင့်ပေးမည့် အစီအစဉ်အား သတိပေးထားသည်။

ပူတင်၏ သတိပေးချက်ကို အနောက်နိုင်ငံ၏ ကျွမ်းကျင်သူများက နားလည် သဘောပေါက်ကြောင်း ပက်စ်ကော့ဗ် က ပြောကြားခဲ့သည်။

Source: တာ့စ်