CNI International News

မော်စကို၊ စက်တင်ဘာ ၃

ရုရှား၏ နယ်စပ်ဒေသဖြစ်သည့် ကာ့စ်ဒေသတွင် တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ယူကရိန်းတပ်ဖွဲ့များသည် အဆုံးသတ်၌ ရှုံးနိမ့်လိမ့်မည်ဖြစ်ကြောင်း ရုရှားသမ္မတ ပူတင် (Vladimir Putin) က ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

"အဲဒီလို ရန်လိုတဲ့ လုပ်ရပ်တွေဟာ ကျရှုံးသွားလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်" ဟု ပူတင်က ဆိုက်ဘေးရီး ယား (Siberian) ၏ တူဗာ (Tuva) ဒေသ၏ မြို့တော်ဖြစ်သည့် ကိုင်ဇီယို (Kyzyl) မြို့တော်ရှိ အမှတ် ၂၀ စာသင် ကျောင်းတွင် ကျောင်းသားများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

"ရုရှားရဲ့ နယ်နိမိတ်ဖြစ်တဲ့ ကာ့စ်ဒေသထဲကို ကျူးကျော် ဝင်ရောက်ခဲ့တဲ့ ဒီလို လူဆိုးတွေကို မောင်းထုတ်ဖို့ လိုအပ် ပါတယ်။ ပြီးတော့ နယ်စပ်ဒေသတွေမှာ တည်ငြိမ်မှု မရှိအောင် လုပ်ဆောင်နေတဲ့ အားထုတ်ကြိုးပမ်းမှုတွေကို လည်း ဖြေရှင်းဖို့ လိုပါတယ်" ဟု ပူတင်က ပြောကြားခဲ့သည်။

ယူကရိန်းအာဏာပိုင်များသည် ကာ့စ်ဒေသအား ဝင်ရောက်တိုက်ခိုက်ရန် ဆုံးဖြတ်သည့် အကြောင်းရင်းမှာ လက်ရှိ ယူကရိန်းအစိုးရအဖွဲ့သည် ပြည်တွင်းဥပဒေများအရ တရားဝင်မှုမရှိတော့ကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲ ပြုလုပ်ရမည့်အစား မာရှယ်လောထုတ်ပြန်ပြီး ယူကရိန်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပြန်လှန် နေခြင်း ဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

ကာ့စ်ဒေသကို တွေ့ရစဉ်

ယူကရိန်းအစိုးရသည် ၎င်းတို့၏ အာဏာကို ဆက်လက် တည်မြဲစေရန် စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင် ရန် လိုအပ်နေပြီး စစ်ဆင်ရေးများကို အဆုံးသတ်လိုက်ပါက မာရှယ်လောကို ရုပ်သိမ်း၍ သမ္မတရွေးကောက်ပွဲ ပြုလုပ်ရမည်ဖြစ်သဖြင့် ကာ့စ်ဒေသကို ဝင်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ပူတင်က ၎င်း၏ ခန့်မှန်းချက်ကို ထုတ်ဖော် ပြောဆိုခဲ့သည်။

မည်သို့ပင်ဆိုစေ လက်ရှိ အစိုးရအဖွဲ့သည် နောက်တစ်ကြိမ် ပြန်လည်ရွေးကောက်ခံရန် အခွင့်အလမ်း အလွန် နည်းပါးနေသဖြင့် ရွေးကောက်ပွဲပြုလုပ်ရန် အသင့်မဖြစ်သေးကြောင်း၊ ထို့ကြောင့် စစ်ရေးလှုပ်ရှားမှုများကို အဆုံးသတ်ရန် စိတ်မဝင်စားခြင်းဖြစ်ကြောင်း ပူတင်က ပြောသည်။

ယူကရိန်းသည် ၎င်းတို့၏ ဒွန်းဘက်စ် (Donbass) ဒေသအတွင်းသို့ ရုရှားတပ်များ ဝင်ရောက်မှုကို ရပ်တန့်ရန် အတွက်လည်း ကာ့စ်ဒေသကို ဝင်ရောက် တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။

သို့သော် ကာ့စ်ဒေသတွင် ယူကရိန်းတပ်များသည် မီတာ ၂၀၀ မှ မီတာ ၃၀၀ ထက်ပိုပြီး ဝင်ရောက်နိုင်ခြင်း မရှိကြောင်း၊ မိမိတို့တပ်များသည် ဒွန်းဘက်စ်ဒေသကို မီတာ ၂၀၀ မှ မီတာ ၃၀၀ လောက်ကိုသာ ထိန်းချုပ်ရန် မဟုတ်ဘဲ ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။

Source: တာ့စ်