CNI International News

မော်စကို ၊ အောက်တိုဘာ ၇

အနောက်နိုင်ငံများ၏ စစ်ရေးနှင့် ဘဏ္ဍာရေး အကူအညီများ ရပ်တန့်သွားမည်ဆိုပါက ယူကရိန်းသည် သီတင်း တစ်ပတ်ထက်ကျော်ပြီး တောင့်ခံနိုင်လိမ့်မည် မဟုတ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) က ပြောကြားခဲ့ကြောင်း အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ယူကရိန်းအတွက် အမေရိကန်၏ အထောက်အပံ့များ ရပ်တန့်သွားပါက ထိုထောက်ပံ့ရေး ဟာကွက်ကို အစားထိုး ဖြည့်ဆည်း ပေးနိုင်မည် မဟုတ်ကြောင်း ဥရောပသမဂ္ဂ အရာရှိတစ်ဦးက ပြောကြားခဲ့သည့် နေ့မှာပင် ပူတင်၏ ပြောကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန် အစိုးရအဖွဲ့အတွင်း ဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာများ မြင့်တက်လာမှုသည် ယူကရိန်းအတွက် အရေးတကြီး လိုအပ်နေသည့် စစ်ရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို ထိခိုက် စေနိုင်ကြောင်း ပူတင်က ပြောသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden) ကလည်း ယူကရိန်းအတွက် အမေရိကန်၏ အကူအညီများသည် လမ်းလွဲသွားစေမည့် အခြေအနေကို စိုးရိမ်ကြောင်း ယခုသီတင်းပတ်အတွင်း ဝန်ခံပြောကြားခဲ့သည်။

ဇာလန်းစကီးနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

ယူကရိန်းသည် လစဉ်လတိုင်း ဒေါ်လာ ဘီလျံချီ ရရှိနေသည့်် လှူဒါန်းမှုများကြောင့် အသက်ရှူ ချောင်နေခဲ့ခြင်း ဖြစ်သည်ဟု ပင်လယ်နက် အပန်းဖြေစခန်း မြို့ဖြစ်သည့် ဆိုချီ (Sochi) မြို့တွင် ပြုလုပ်ခဲ့သည့် မော်စကိုအခြေစိုက် ဗယ်လ်ဒါအီ ဆွေးနွေးရေး ကလပ် (Valdai Discussion Club) ၏ အစည်းအဝေး၌ ပူတင်က ပြောကြားခဲ့သည်။

"အဲဒီလှူဒါန်းမှုတွေသာ ရပ်သွားမယ်ဆိုရင် ယူကရိန်းဟာ တစ်ပတ်အတွင်း အကုန်သေဆုံး သွားပါလိမ့်မယ်။ အဲဒီ လိုပဲ ကာကွယ်ရေးစနစ်ဟာလည်း ရပ်တန့်သွားပါလိမ့်မယ်။ မနက်ဖြန်မှာ အထောက်အပံ့တွေ ရပ်သွားမယ်လို့ တွေးကြည့်လိုက်ပါ။ အဲဒါဆိုရင် ယူကရိန်းမှာ လက်နက်ခဲယမ်း ပစ္စည်းတွေဟာ တစ်ပတ်အတွင်း ပြတ်တောက် သွားပါလိမ့်မယ်"ဟု ပူတင်က ပြောသည်။

ဇွန်လအတွင်းက စတင်ခဲ့သည့်် ယူကရိန်း၏ တန်ပြန်ထိုးစစ်အတွင်း ယူကရိန်းစစ်သား ၉၀,၀၀၀ ကျော် သေဆုံးခဲ့ သည်ဟုလည်း ပူတင်က ပြောသည်။

အောက်တိုဘာ ၅ ရက်က စပိန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် ဥရောပနိုင်ငံရေး အသိုင်းအဝိုင်း (EPC) ၏ အစည်းအဝေး ၌ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျိုးဆက် ဘော်ရဲလ် (Josep Borrell) က ဥရောပသမဂ္ဂသည် ယူကရိန်း၏ အဓိက အလှူရှင်ဖြစ်သည့် အမေရိကန်၏ နေရာကို အစားထိုး ဝင်ရောက်နိုင်လိမ့်မည် မဟုတ် ကြောင်း ပြောကြားခဲ့သည်။

"အမေရိကန်က ထောက်ပံ့ မပေးနိုင်တော့ရင် ဥရောပက အဲဒီနေရာကို အစားထိုး ဝင်ရောက်နိုင်ပါ့မလား။ သေချာ တာကတော့ ဥရောပဟာ အမေရိကန်ရဲ့ နေရာကို အစားထိုး ဝင်ရောက်ပြီး ထောက်ပံ့ မပေးနိုင်ပါဘူး" ဟု ဘော်ရဲလ်က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနှင့် အမေရိကန်သည် ရုရှားကို တိုက်ခိုက်နေသည့် ယူကရိန်းအား ဘဏ္ဍာရေးနှင့် စစ်ရေး အကူအညီ များ ပေးနေသည့် နေတိုးအဖွဲ့ဝင်များ ဖြစ်သည်။

သို့သော် အမေရိကန်လွှတ်တော်တွင် မကြာသေးမီက သဘောတူညီခဲ့သည့် ကာလတို ဘတ်ဂျက် သဘောတူညီမှု တွင် ယူကရိန်းအတွက် စစ်ရေး အကူအညီများကို ထည့်သွင်းခဲ့ခြင်း မရှိပေ။

Source: အယ်လ်ဂျာဇီးယား