CNI Internatioanl News

ဒါကာ၊ အောက်တိုဘာ ၇

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ၎င်း၏ ပထမဆုံ နျူကလီးယား ဓာတ်အားပေး စက်ရုံအတွက် ရုရှားထံမှ ယူရေနီယံ လောင်စာများကို ပထမဆုံးအကြိမ် လက်ခံရရှိခဲ့သည်ဟု အယ်လ်ဂျာဇီးယာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သည် ကမ္ဘာပေါ်တွင် နျူကလီးယား စွမ်းအင်ထုတ်လုပ်မည့် ၃၃ နိုင်ငံမြောက် ဖြစ်လာ မည် ဖြစ်သည်။

တောင်အာရှနိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်သည် ရုရှားနိုင်ငံပိုင် အဏုမြူ ကုမ္ပဏီ Rosatom နှင့်ပူးပေါင်းပြီး နျူကလီးယား ဓာတ်အားပေးစက်ရုံ နှစ်ခုအနက် ပထမဆုံး စက်ရုံတစ်ခုကို တည်ဆောက်နေသည်။

IAEA ၏ အကြီးအကဲ ရာဖေးလ် ဂရော့စီကို တွေ့ရစဉ်

ထိုစက်ရုံ တည်ဆောက်ရေးအတွက် လိုအပ်သည့် ငွေကြေး ၁၂ ဒသမ ၆၅ ဘီလျံထဲမှ ၉၀ ရာခိုင်နှုန်းကို ရုရှားထံမှ ချေးငွေရယူပြီး တည်ဆောက်ခြင်း ဖြစ်သည်။

ရုရှားကို ပြန်လည် အကြွေးဆပ်ရမည့် ကာလသည် ၂၈ နှစ်ဖြစ်ပြီး အကြွေးဆပ်ချိန်ကို ၁၀ နှစ်ကြာ ဆိုင်းငံ့နိုင်သည့် သဘောတူညီချက် ရရှိထားသည်။

"ဒီနေ့ကတော့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေအတွက် ဂုဏ်ယူပျော်ရွှင်ရမယ့်နေ့ ဖြစ်ပါတယ်"ဟု ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ (Sheikh Hasina) က အောက်တိုဘာ ၅ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင် (Vladimir Putin) နှင့် ဗွီဒီယို ဆက်သွယ်မှုမှတဆင့် ပြုလုပ်သည့် ညီလာခံတွင် ပြောကြားခဲ့သည်။

ဟာစီနာနှင့် ဗွီဒီယို ဆက်သွယ်မှုမှ တဆင့် ပြုလုပ်သည့် ညီလာခံတွင် ပူတင်က ဘင်္ဂလားဒေ့ရှ်၏ နျူကလီးယား စွမ်းအင်စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ကြီးကြပ်ပေးခဲ့သည့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က နျူကလီးယား စက်ရုံကိုတွေ့ရစဉ်

IAEA ၏ အကြီးအကဲ ရာဖေးလ် ဂရော့စီ (Rafael Grossi) ကလည်း ဘင်္ဂလားဒေ့ရှ်၏ နျူကလီးယား စွမ်းအင် စက်ရုံ တည်ဆောက်ရေး စီမံကိန်းကို ဂုဏ်ပြုကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

"ဘင်္ဂလားဒေ့ရှ်ဟာ နျူကလီးယားစွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍမှာ အသစ်ထွက်ပေါ်လာတဲ့ နိုင်ငံတွေထဲက အောင်မြင်မှုရရှိတဲ့ နိုင်ငံအဖြစ် ရပ်တည်နေပြီး IAEA ရဲ့ လမ်းညွှန်မှုအောက်မှာ နျူကလီးယားစီမံကိန်းကို တိုးတက်အောင် လုပ်ဆောင်နေပါတယ်" ဟု ဂရော့စီက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တည်ဆောက်မည့် နျူကလီးယား ဓာတ်အားပေး စက်ရုံနှစ်ခုအနက် ပထမဆုံးတစ်ခုသည် စုစုပေါင်း လျှပ်စစ်ဓာတ်အား ၂၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဖြစ်ကာ လာမည့်နှစ် ဇူလိုင်လအတွင်း စတင် လည်ပတ် ရန် စီစဉ်ထားသည်။

Source: အယ်လ်ဂျာဇီးယား