CNI International News

ဝါရှင်တန်၊ ဩဂုတ် ၁

ရုရှားနှင့် တွေ့ဆုံဆွေးနွေး‌ရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ကမ်းလှမ်းလိုက်ပြီး နျူကလီးယားလက်နက် ထိန်းချုပ်ရေး သဘောတူစာချုပ်သစ် ဖြစ်‌ပေါ်လာဖို့ တရုတ်အ‌နေဖြင့်လည်း စေ့စပ်ညှိနှိုင်းသင့်သည်ဟု ပြောကြားခဲ့သည်။

New START (သို့မဟုတ်) မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ်ကို အစားထိုး ပြင်ဆင်ချုပ်ဆိုရန် ရုရှားနှင့် ညှိနှိုင်းဖို့ အသင့်ရှိကြောင်း  ဒသမကြိမ်မြောက် မပြန့်ပွားရေး သဘောတူစာချုပ် (NPT) ပြန်လည်သုံးသပ်‌ရေး ညီလာခံမတိုင်မီ ဩဂုတ် ၁ ရက်တွင် ဘိုင်ဒန်က အထက်ပါအတိုင်း မှတ်ချက်ပေးခဲ့ခြင်း ဖြစ်သည်။

 "၂၀၂၆ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် New START နေရာတွင် အစားထိုးရန် လက်နက်ထိန်းချုပ်မှု မူဘောင်အသစ်ကို အမြန် စေ့စပ်ညှိနှိုင်းရန် အသင့်ဖြစ်နေ‌ကြောင်း၊ သို့သော် စေ့စပ်ညှိနှိုင်းရေးတွင် သစ္စာရှိရှိ လုပ်ဆောင်မည့် မိတ်ဖက်တစ်ဦး လိုအပ်ကြောင်း" ဟု ဘိုင်ဒန်က ပြောကြားခဲ့သည်။

 “ဒီအခြေအနေမှာ ရုရှားဟာ အမေရိကန်နဲ့အတူ နျူကလီးယား လက်နက် ထိန်းချုပ်ရေး လုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ပြသသင့်ပါတယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

 နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးပွဲများတွင် ပါဝင်ရန် ဘေဂျင်းကိုလည်း ဘိုင်ဒန်က တောင်းဆိုခဲ့သည်။

 Source: အာရ်တီသတင်းဌာန