CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇

ကမ်းခြေစောင့်တပ်ဖွဲ့များအနေဖြင့် ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေးကို လုပ်ဆောင်ရ မည်ဟု နစကဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က  မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းခြင်း(၂)နှစ်မြောက် နှစ်ပတ် လည် တွေ့ဆုံပွဲ အခမ်းအနားမှာ အထက်ပါအတိုင်း ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၆ ရက်နေ့က စတင် ဖွဲ့စည်းခဲ့ရာ ယနေ့ (အောက်တိုဘာ ၆ ရက်)တွင် ၂ နှစ်ပြည့်ပြီး ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ယခုအချိန်တွင် ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းပေးပြီးဖြစ်သည့်အတွက် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးကဏ္ဍ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကဏ္ဍများကို ကမ်းခြေစောင့် တပ်ဖွဲ့က အဓိကထား ဆောင်ရွက်ကြရမည်ဖြစ်ပြီး ရေကြောင်းအကျိုးစီးပွားများ ကာကွယ်စောင့်ရှောက်ရေး၊ ပင်လယ်ပြင် ရှာဖွေကယ်ဆယ်ရေးနှင့် ပင်လယ်ပြင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကိုလည်း လုပ် ဆောင်ရန် တာဝန်ရှိမည်”ဟု ပြောသည်။

နိုင်ငံတော်၏ ပိုင်နက် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းကို အလုံးစုံ ကာကွယ်စောင့်ရှောက်နိုင်ရန် တပ်မတော်(ရေ) အပြင် ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေး တာဝန်များကို အဓိက ထမ်းဆောင်နိုင်မည့် ကမ်းခြေစောင့်တပ်ဖွဲ့ တစ်ခုရှိသင့်သည်ဟု ယူဆ၍ ယခင်ကတည်းကပင် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့ပြီး အခြားနိုင်ငံများ၏ ကမ်းခြေစောင့်တပ်ဖွဲ့ ဖွဲ့စည်းတည်ဆောက်ပုံများကို အချိန်ယူ လေ့လာဆောင်ရွက်ခဲ့ရကြောင်း ၎င်းက ပြောသည်။

ကမ်းခြေစောင့်တပ်ဖွဲ့၏ သဘောသဘာဝသည် ကမ်းရိုးတမ်း တစ်လျှောက်နှင့် ပိုင်နက် ပင်လယ်ပြင်အတွင်း နယ်နိမိတ်၏ တရားဥပဒေစိုးမိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး တာဝန်များကို ထမ်းဆောင်ရခြင်းဖြစ်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။