CNI International News

ဘန်ကောက်၊ အောက်တိုဘာ ၉

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ရှိ နေအိမ်တစ်လုံးအတွင်းရှိ အိမ်သာထဲတွင် ဒိန်းမတ်နိုင်ငံဆိုင်ရာ သံအမတ် ဟောင်း တစ်ဦးသည် ဆိုးရွားစွာ ဓားဖြင့် အထိုးခံခဲ့ရပြီးနောက် သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

အောက်တိုဘာ ၈ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့သည့် ထိုရုပ်အလောင်းကို စစ်ဆေးခဲ့သည့် မှုခင်းဆေးပညာအရ သေဆုံးသူသည် ရင်ဘတ်ကို ဓားဖြင့် သုံးချက် အထိုးခံခဲ့ရကြောင်း သိရှိခဲ့ရသည်ဟု ရဲတပ်ဖွဲ့ ဒုတိယမဟာမင်းကြီး နိုပါစီ ပွန်ဆာဝတ် (Noppasilp Poonsawat) က ထိုအမှုကို ကိုင်တွယ်နေသည့် သုစိဿန် (Suthisan) ရဲစခန်းမှ ရဲတပ်ဖွဲ့နှင့် အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ပြောကြားခဲ့သည်။

အသက် ၆၃ နှစ်အရွယ် သံအမတ်ဟောင်း ဝီချစ် ချစ်ဝီမန် (Vichit Chitvimarn)၏ ရုပ်အလောင်းကို ဘန်ကောက် မြို့တော် ချတ်တူချက်(Chatuchak)ခရိုင်ရှိ သုံးထပ်တိုက်၏ ဒုတိယထပ်မှ အိမ်သာထဲတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သုံးထပ်တိုက်၏ ပထမထပ်ရှိ မီးဖိုခန်းထဲမှ မီးဖိုချောင်သုံး ဓား ၅ ချောင်း ထည့်ထားသည့်သစ်သား သေတ္တာတစ်လုံးကို စစ်ဆေးရာတွင် ထိုဓားများထဲမှ နှစ်ချောင်းတွင် သေဆုံးသူ၏ သွေးများကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်း ဝီချစ် ချစ်ဝီမန်ကို တွေ့ရစဉ်

ထို့ပြင် ပထမထပ်နှင့်ဒုတိယထပ်ကို ရှာဖွေခဲ့ပြီးနောက် အိမ်အတွင်းရှိ ပစ္စည်းများကို ခိုးယူလို သူတစ်ဦးက ထိုလူသတ်မှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ယူဆခဲ့သည်။

ထိုအိမ်အတွင်းရှိ လုံခြုံရေး ကင်မရာများကိုလည်း ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း မစ္စတာ နိုပါစီက ပြောကြားခဲ့ သည်။

ဝီချစ်သည် ပုံမှန်အားဖြင့် တစ်ဦးတည်း နေထိုင်လေ့ရှိသော်လည်း သူ မသေဆုံးမီအချိန်က အသက် ၁၇ နှစ်အရွယ် သူ့မွေးစားသားနှင့်အတူ နေထိုင်ခဲ့ကြောင်း မျက်မြင်များက ရဲတပ်ဖွဲ့ကို ပြောကြားခဲ့သည်။ 

ထိုဆယ်ကျော်သက် လူငယ်ကို စစ်ဆေးမေးမြန်းရန်အတွက် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည်။

မစ္စတာ ဝီချစ်သည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၃၀ ရက်တွင် အငြိမ်းစားယူခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် သူသည် ထိုင်း နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ လက်ထောက်ညွှန်ကြားရေးမှူးချုပ်ရာထူး၊ တရုတ်နိုင်ငံ ခွေးမင် (Kunming) မြို့တွင် ကောင်စစ်ဝန်ချုပ်ရာထူး၊ ဂျပန်နိုင်ငံ အိုဆာကာ (Osaka) မြို့တွင် ကောင်စစ်ဝင်ချုပ် ရာထူးနှင့် ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ် ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

Source: ဘန်ကောက်ပို့စ်