CNI International News

ဂျေရုဆလင်၊ အောက်တိုဘာ ၉

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမာ့စ် (Hamas) လက်နက်ကိုင်အဖွဲ့သည် အစ္စရေးနိုင်ငံအတွင်းရှိ မြို့များကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာဖြစ်သည့် အောက်တိုဘာ ၈ ရက်နေ့တွင် အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဟားမာ့စ် လက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် လူပေါင်းရာချီ သေဆုံးခဲ့ပြီး အရေအတွက် မသိရသည့် လူအများအပြား ပြန်ပေးဆွဲ ဖမ်းဆီးခံခဲ့ရကာ အရှေ့အလယ်ပိုင်းဒေသတွင် အကြီးစားစစ်ပွဲတစ်ခု ဖြစ်ပွားလာမည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။ 

ပဋိပက္ခများသည် ဂါဇာဒေသထက် ကျော်လွန်ပြီး အခြားနေရာ ဒေသများသို့ ပျံ့နှံ့ခဲ့သည့် လက္ခဏာတစ်ခုအဖြစ် အစ္စရေးတပ်ဖွဲ့များနှင့် လက်ဘနွန်နိုင်ငံရှိ အီရန်၏ ကျောထောက်နောက်ခံကို ရရှိထားသည့် ဟစ်ဇ်ဘိုလာ (Hezbollah) လက်နက်ကိုင်အဖွဲ့တို့အကြား အမြောက်များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်ထားစဉ်

အောက်တိုဘာ ၈ ရက်နေ့ ညအချိန်တွင် အစ္စရေး၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် ဂါဇာဒေသရှိ ဟားမာ့စ် အရာရှိများ၏ အိမ်များ၊ ဗလီများ၊ မြေအောက်လှိုဏ်ခေါင်းများနှင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့ပြီး ကလေးငယ် ၂၀ ခန့် အပါအဝင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု (Benjamin Netanyahu) ကတော့ ဟားမာ့စ်အဖွဲ့အား ပြင်းထန်စွာ လက်စားချေ တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

ဟားမာ့စ်အဖွဲ့သည် အစ္စရေးကို ဒုံးကျည် အများအပြားဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လုံခြုံရေး အတားအဆီးများကို ချိုးဖျက်ကာ အစ္စရေး၏ မြို့များအတွင်းသို့ လက်နက်ကိုင်များ စေလွှတ်ခဲ့သည်။

ထို့နောက် ၂၄ နာရီအကြာ အစ္စရေးနိုင်ငံ တောင်ပိုင်းတွင် ဟားမာ့စ်လက်နက်ကိုင်များနှင့် အစ္စရေး တပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်။ 

ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများကို ဟန့်တားရန် ပျက်ကွက်မှုကြောင့် မေးခွန်းများနှင့် ရင်ဆိုင်နေရသည့် အစ္စရေး စစ်တပ်ကမူ ဟားမာ့စ်လက်နက်ကိုင်များ ထိုးဖောက် ဝင်ရောက်လာသည့် နေရာဒေသအများစုကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သို့သော် အချို့နေရာများတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။

အစ္စရေးနိုင်ငံသားတွေကိုတွေ တွေ့ရစဉ်

ထို့ပြင် ပါလက်စတိုင်း ၂ ဒသမ ၃ သန်းခန့် နေထိုင်သည့် ဂါဇာဒေသ အနီးတစ်ဝိုက်ရှိ ဒေသများတွင်  သောင်းနှင့်ချီ သည့် စစ်သားများကို ဖြန့်ကြက်ချထားပြီး ရှေ့တန်းစစ်မြေပြင် အနီးတစ်ဝိုက်တွင် နေထိုင်သည့် အစ္စရေးနိုင်ငံသား များ အားလုံးကို ကယ်ထုတ်ရန် စီစဉ်နေကြောင်း ပြောကြားခဲ့သည်။

"ကျနော်တို့တွေဟာ ဟားမာ့စ်အဖွဲ့ကို ဆက်လက် တိုက်ခိုက်သွားမှာပါ။ ဒီတိုက်ပွဲဟာ ရှည်လျားပါလိမ့်မယ်"ဟု အစ္စရေး စစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များကို ပြောကြားခဲ့သည်။

ဂါဇာဒေသတွင်မူ ဟားမာ့စ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒယ် လာတစ်ဖ် အယ် ကာနျူအာ (Abdel-Latif al-Aanoua)ကတော့ မိမိတို့သည် ပါလက်စတိုင်းများကို ကာကွယ်သည့်အနေဖြင့် အစ္စရေးကို တိုက်ခိုက်ခြင်းဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်များတွင် စစ်ဆင်ရေးများ ဆက်လက် လုပ်ဆောင်မည်ဖြစ်ကာ ဒုံးကျည်များဖြင့် ဆက်လက် ပစ်ခတ်တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။ 

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ က ဖြစ်ပွားခဲ့သည့် အီဂျစ်နှင့် ဆီးရီးယားက အစ္စရေးကို ရုတ်တရက် တိုက်ခိုက်ခဲ့သည့် ယွန်ကစ်ပူး (Yom Kipppur) စစ်ပွဲအပြီးတွင် ယခုဖြစ်ပွားနေသည့် ဟားမာ့စ်-အစ္စရေး ပဋိပက္ခသည် အကြီးဆုံးနှင့် လူသေဆုံးမှုအများဆုံး ကျူးကျော်တိုက်ခိုက်မှု ဖြစ်သည်။

Source: ရိုက်တာ