CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၉

ဟားမာ့စ်က အစ္စရေးကို တိုက်ခိုက်ခဲ့ပြီးနောက် အကျဉ်းသား လဲလှယ်ရေးအတွက် အီရန်နှင့် သဘောတူညီမှု ပြုလုပ်ခဲ့သည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့ကို သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အပါအဝင် ရီပတ်ဘလစ်ကန် အမတ်များက အပြစ်တင်ခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

ဂျူး အားလပ်ရက် ကာလအတွင်း အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ် လက်နက်ကိုင်အဖွဲ့က အစ္စရေးကို တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်သည် အမေရိကန်၏ သမ္မတရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် မည့် ကိုယ်စားလှယ်လောင်းများအတွက် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အငြင်းပွားဖွယ် ကိစ္စတစ်ရပ် ဖြစ်လာနိုင်သည်။

ထရမ့်နှင့် အခြား ရီပတ်ဘလစ်ကန်များသည် ယူကရိန်းစစ်ပွဲအတွင်း အမေရိကန်က ဆက်လက် ပါဝင်ပတ်သက် နေသည့် အခြေအနေကို မေးခွန်းထုတ်နေကြပြီး အမေရိကန် ဒုသမ္မတ မိုက်ပန့်စ် (Mike Pence) ကမူ ယူကရိန်းကို စစ်ရေးအရ ကူညီထောက်ပံ့ခြင်းသည် အမေရိကန်၏ အမျိုးသား အကျိုးစီးပွားများအတွက် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ဘိုင်ဒန်ကို တွေ့ရစဉ်

အစ္စရေး နယ်နိမိတ်အတွင်းသို့ ဟားမာ့စ် အကြမ်းဖက်သမားများ၏ ဝင်ရောက် ကျူးကျော်မှု၊ အစ္စရေးစစ်သား များနှင့် ပြည်သူများကို သတ်ဖြတ်မှုသည် လုံးဝနှိမ်နင်းပစ်ရမည့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များဖြစ်သည် ဟု ထရမ့်က အိုင်အိုဝါ ပြည်နယ် (Iowa) ဝါတာလူး(Waterloo) မြို့တွင် ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန်နှင့် အီရန်အကြား အကျဉ်းသား လဲလှယ်ရေးအတွက် စက်တင်ဘာလက သဘောတူညီမှု ပြုလုပ်ခဲ့ခြင်းကိုလည်း ထရမ့်က ဝေဖန်ခဲ့သည်။ 

ဘိုင်ဒန်အစိုးရအဖွဲ့နှင့် အီရန်အကြား သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်း အနေနှင့် အမေရိကန်သည် ယခင်က ပိတ်ဆို့ခဲ့သည့် အီရန်၏ ဒေါ်လာ ၆ ဘီလျံကို ပြန်ဖွင့်ပေးခဲ့ရသည်။

ထိုသို့ ပြန်ဖွင့်ပေးခဲ့သည့် ဒေါ်လာများကို အသုံးပြုပြီး အီရန်သည် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုများအတွက် ငွေကြေး ထောက်ပံ့ပေးခဲ့သည်ဟု ထရမ့်နှင့် အခြား ရီပတ်ဘလစ်ကန်များက ပြောကြားခဲ့သည်။

မိုက်ပန့်စ်ကိုတွေ့ရစဉ်

"အမေရိကန် အခွန်ထမ်းပြည်သူတွေရဲ့ ဒေါ်လာတွေဟာ အခုဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကို ငွေကြေးထောက်ပံ့ ပေးရာ ရောက်နေပါတယ်" ဟု ထရမ့်က ပြောသည်။

ထို့နောက် ဘိုင်ဒန်အစိုးရအဖွဲ့ လက်ထက်တွင် အမေရိကန်သည် ကမ္ဘာ့အဆင့်၌ အားနည်းလာပြီး ထိရောက်မှု လျော့နည်း လာသည်ဟု ဆိုသည်။

ထို့ပြင် ရီပတ်ဘလစ်ကန် အမတ်အများစုကလည်း အီရန်၏ ငွေကြေးများကို ပြန်လည်လွှဲပြောင်းခွင့် ပြုခဲ့သည့် ဘိုင်ဒန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်ကို ဝေဖန်ခဲ့ကြသည်။

ဟားမာ့စ်အဖွဲ့သည် ဆွန်နီမွတ်ဆလင် (Sunni Muslim) အုပ်စုဖြစ်သော်လည်း ရှီးယိုက် မွတ်ဆလင် (Shiite Muslim) များ ကြီးစိုးထားသည့် အီရန်နှင့် နီးစပ်သည့် ဆက်ဆံရေးရှိပြီး အစ္စရေးကို ၎င်းတို့၏ ဘုံရန်သူအဖြစ် သတ်မှတ်ထားသည်။

Source: အေပီ