CNI International News

ဂျေရုဆလင်၊ နိုဝ်ငဘာ ၁ 

ဟားမာ့စ်အဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် အပစ်အခတ်ရပ်စဲရေးသည် ဖြစ်လာလိမ့်မည် မဟုတ်ဟု အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)က ပြောကြားခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

အစ္စရေး-ဟားမာ့စ် စစ်ပွဲအတွင်း လက်ရှိ ထောက်ပံ့ပေးနေသည့် အကူအညီများသည် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ လိုအပ်ချက်များကို ပြည့်မီခြင်းမရှိကြောင်း ကုလသမဂ္ဂက သတိပေးခဲ့ပြီးနောက် နေတန်ယာဟုက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် အစ္စရေး မြေပြင်တပ်ဖွဲ့များသည် ဟားမာ့စ်တို့ ထိန်းချုပ်ထားသည့် ဂါဇာကမ်းမြောင် ဒေသအတွင်း တိုက်ခိုက်မှုများ ပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ပြင်းထန်စွာ ပြုလုပ်လျက်ရှိသည်။

ဂါဇာဒေသ တိုက်ခိုက်ခံရမှုကို တွေ့ရစဉ်

အစ္စရေး၏ ပြင်းထန်သည့် တိုက်ခိုက်မှုများကြောင့် လူဦးရေ ၂ ဒသမ ၄ သန်း နေထိုင်သည့် ဂါဇာကမ်းမြောင် ဒေသထဲတွင် လူပေါင်း ၈၃၀၀ ကျော် သေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အပစ်အခတ်ရပ်စဲသည့် အခြေအနေသည် ဟားမာ့စ်တို့ကို လက်နက်ချ အညံ့ခံသည့် အခြေအနေမျိုးနှင့် တူညီနေလိမ့်မည်ဟု ပြောကြားခဲ့သည်။ 

အစ္စရေးတွင် ဟားမာ့စ်တို့၏ တိုက်ခိုက်မှုများကြောင့် လူ ၁၄၀၀ ခန့် သေဆုံးခဲ့ကာ လူပေါင်း ၂၃၀ ခန့် ဓားစာခံ အဖြစ် ဖမ်းဆီးခံခဲ့ရသည်ဟု အစ္စရေးအာဏာပိုင်များက ပြောကြားခဲ့သည်။

ဂါဇာဒေသခံများ စစ်ပွဲအတွင်းမှာ တွေ့ရစဉ်

"အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတာက အစ္စရေးကို ဟားမာ့စ်အဖွဲ့ဆီမှာ လက်နက်ချ အညံ့ခံခိုင်းတဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါမျိုးက ဖြစ်လာမှာ မဟုတ်ပါဘူး" ဟု နေတန်ယာဟုက ပြောကြားခဲ့ပြီး ယခုတိုက်ခိုက်နေသည့် စစ်ပွဲကို အနိုင်ရသည့် အခြေအနေအထိ ဆက်လက် တိုက်ခိုက်သွားမည်ဟု ကတိပြုခဲ့သည်။

အစ္စရေး၏ မဟာမိတ်ဖြစ်သည့် အမေရိကန်ကလည်း အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ 

"အခုချိန်မှာ အပစ်အခတ်ရပ်စဲရေးဟာ မှန်ကန်တဲ့ အဖြေဖြစ်တယ်လို့ ကျနော်တို့ မယူဆပါဘူး" ဟု အိမ်ဖြူတော် အမျိုးသားလုံခြုံရေး ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ(John Kirby) က ပြောကြားခဲ့သည်။

Source: CAN