CNI International News

ဘေရွတ်၊ အောက်တိုဘာ ၁၀

ဟစ်ဇ်ဘိုလာအဖွဲ့၏ အရာရှိများသည် လက်ဘနွန်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိရန်အတွက် ခြွင်းချက်တစ်ခု အနေဖြင့် ဂါဇာ၌ အပစ်အခတ်ရပ်စဲရန် တောင်းဆိုခြင်း မရှိတော့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့ သည်။

ထို့ပြင် ဂါဇာတွင် ဟစ်ဇ်ဘိုလာအဖွဲ့၏ မဟာမိတ် ဟားမာ့စ်အဖွဲ့အပေါ် အစ္စရေး၏ ထိုးစစ်ဆင်တိုက်ခိုက်မှု မရပ် မချင်း အစ္စရေးကို ဆက်လက် တိုက်ခိုက်သွားမည်ဆိုသည့် ပြောကြားချက်များကိုလည်း ဟစ်ဇ်ဘိုလာအဖွဲ့က ပြောကြားခြင်း မရှိတော့ပေ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်အဖွဲ့က အစ္စရေးကို စတင်တိုက်ခိုက်ခဲ့ပြီးနောက် ဟစ်ဇ်ဘိုလာ အဖွဲ့သည် အစ္စရေးနယ်စပ်ကို ဒုံးကျည်များဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင် ဟစ်ဇ်ဘိုလာ ဒုခေါင်းဆောင် နာအင် ကက်ဆမ် (Naim Qassem) သည် အစ္စရေးအား ဆက်လက် တိုက်ခိုက်မည်ဆိုသည့် စကားလုံးများကို ပြောကြားခြင်း မရှိတော့ပေ။

သို့သော် ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် ဟားမာ့စ်နှင့် အခြား ပါလက်စတိုင်းများ ဘက်မှ ဆက်လက် ရပ်တည်သွားမည်ဟု အောက်တိုဘာ ၈ ရက်က ရုပ်သံမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အဆောက်အအုံများ မီးလောင်ပေါက်ကွဲနေစဉ်

အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာခေါင်းဆောင် ဆေးယက် ဟက်ဆန် နာဆရာလာ (Sayyed Hassan Nasrallah) သေဆုံးခဲ့ပြီးနောက် ကက်ဆမ်သည် ဟစ်ဇ်ဘိုလာအဖွဲ့၏ ထပ်သီးအရာရှိတစ်ဦး ဖြစ်လာခဲ့သည်။

ထို့ပြင် ကက်ဆမ်က အစ္စရေးနှင့် အပစ်အခတ်ရပ်စဲရေးရရှိရန် ကြိုးပမ်းနေသည့် ဟစ်ဇ်ဘိုလာ၏ မဟာမိတ်ဖြစ် သော လက်ဘနွန်လွှတ်တော်ဥက္ကဋ္ဌ နာဘီ ဘာရီ (Nabih Berri) ၏ အားထုတ်ကြိုးပမ်းမှုများကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။

"အပစ်အခတ်ရပ်စဲရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘာရီ ဦးဆောင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို ကျနော်တို့ ထောက်ခံပါတယ်။ တကယ်လို့ ရန်သူ (အစ္စရေး) ဘက်က စစ်ပွဲကို ဆက်တိုက်မယ်ဆိုရင် စစ်မြေပြင် အခြေအနေ ကိုကြည့်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်" ဟု ကက်ဆမ်က ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၂ ရက်ခန့်ကလည်း ဟစ်ဇ်ဘိုလာ အဆင့်နိမ့် အရာရှိနှစ်ဦးက ဂါဇာစစ်ပွဲနှင့် ချိတ်ဆက်မှု မရှိသည့် လက်ဘနွန် အပစ်အခတ်ရပ်စဲရေးအကြောင်းကို ပြောကြားခဲ့သည်။

Source: ရိုက်တာ