CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၁၁

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) က အခြားနိုင်ငံများတွင် နေထိုင်သည့် အမေရိကန် နိုင်ငံသားများအပေါ် ဝင်ငွေခွန်ကောက်ခံမှုကို အဆုံးသတ်သွားမည်ဟု မဲဆွယ်ကတိအဖြစ် ပြောကြားခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

ထရမ့်သည် သမ္မတရွေးကောက်ပွဲမတိုင်မီ အခွန်ပြုပြင်ပြောင်းလဲရေး မဲဆွယ်ကတိအနေဖြင့် ပြည်ပရောက် အမေရိကန်နိုင်ငံသားများအတွက် အခွန်ပေးဆောင်မှုနှင့်ပတ်သက်ပြီး ရှင်းလင်းလွယ်ကူစေရန် လုပ်ဆောင်ပေး သွားမည်ဟု ကတိပြုခဲ့သည်။

ယခင်က ပြည်ပရောက် အမေရိကန်နိုင်ငံသားများသည် ပြည်တွင်းအခွန်ဌာနကို အခွန်နှင့်ပတ်သက်သည့် အချက်အလက်များ တင်ပြရမည်ဖြစ်ပြီး အမေရိကန်အတွက် အခွန်ဆောင်ရမည်ဖြစ်ကာ ၎င်းတို့နေထိုင်နေသည့် နိုင်ငံတွင်းလည်း အခွန်များ ပေးဆောင်ရမည်ဖြစ်သည်။

“ပြည်ပရောက် အမေရိကန်တွေအတွက် ဝင်ငွေခွန်တွေ နှစ်မျိုးပေးဆောင်နေရတာကို ကျနော် အဆုံးသတ်ချင်ပါ တယ်။ အမေရိကန်အရေးကို အတူတကွ ရှေ့တန်းတင်ပြီး လုပ်ဆောင်ကြပါစို့။ မဲပေးဖို့ စာရင်းသွင်းကြပါ။ ရီပတ်ဘလစ်ကန်ကို မဲပေးကြပါ” ဟု ထရမ့်က ပြည်ပရောက် မဲဆန္ဒရှင်များအတွက် ထုတ်ပြန်ခဲ့သည်။

ထရမ့်၏ အခွန်ပြုပြင်ပြောင်းလဲမှု ကတိကဝတ်သည် လွှတ်တော်၏ အတည်ပြု ထောက်ခံချက်ကို ရယူရန် လိုအပ်မည်ဖြစ်ပြီး အခွန်ဆောင်သည့် အမေရိကန်နိုင်ငံသားများအနက် ၉ သန်းခန့်သည် ပြည်ပရောက် အမေရိကန်များဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်။

 အမေရိကန် ပတ်စပို့ကို တွေ့ရစဉ်

ပြည်ပေရောက် အမေရိကန်နိုင်ငံသားများအနေဖြင့် အမေရိကန်တွင် အခွန်ဆောင်ရမည် ဖြစ်သော်လည်း တစ်နှစ်ဝင်ငွေ ဒေါ်လာ ၁၂၆,၅၀၀ နှင့်အောက် ရရှိသူများအနေဖြင့် အခွန်ဆောင်ရန် လိုအပ်မည်မဟုတ်ပေ။

ထရမ့်သည် ပြည်ပရောက် အမေရိကန်နိုင်ငံသားများထံမှ အခွန်ကောက်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့သည့် ကတိစကားအပြင် လုပ်ခလစာ မြှင့်တင်ရေး၊ အချိန်ပိုကြေး မြှင့်တင်ရေးနှင့် လူမှုဖူလှုံရေး အကျိုးစီးပွားများကို မြှင့်တင်ပေးမည်ဖြစ်ကြောင်း မဲဆွယ်ကတိကဝတ်များကို ပေးခဲ့သည်။

ထို့ပြင် ထရမ့်က သူသည် သမ္မတအဖြစ် ဒုတိယအကြိမ်မြောက် ရွေးကောက်တင်မြှောက် ခံရမည်ဆိုပါက အိမ်ထောင်စုကြွေးမြီများနှင့် ကော်ပိုရိတ် အခွန်နှုန်းထားများကို သိသိသာသာ လျှော့ချပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ထရမ့်၏ စီးပွားရေး အဆိုပြုချက်များတွင်လည်း ပြည်တွင်းတွင် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီများ နှင့် စက်ရုံများကိုလည်း အခွန်နှုန်းထားများ လျှော့ချကောက်ခံ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Source: SCMP