CNI International News

ဗီယန်ကျင်း၊ အောက်တိုဘာ ၁၁

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr) သည် အောက်တိုဘာ ၁၀ ရက်က အာဆီယံ ခေါင်းဆောင်များနှင့် တရုတ်ဝန်ကြီးချုပ် လီချင် ( Li Qiang) တို့နှင့်ပြုလုပ်သည့် အစည်းအဝေးတွင် တောင်တရုတ် ပင်လယ်အတွင်း တင်းမာမှုများကို လျှော့ချပေးရန် တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

"ကျနော်တို့ဟာ အနှောင့်အယှက်တွေနဲ့ ခြိမ်းခြောက်မှုတွေကို ဆက်လက် ရင်ဆိုင်နေရပါတယ်။ သက်ဆိုင်ရာ နိုင်ငံတွေအနေနဲ့ တင်းမာမှုတွေကို လျှော့ချဖို့နဲ့ မတူကွဲပြားမှုတွေကို အလေးထားဖြေရှင်းဖို့ စိတ်ပါလက်ပါ လုပ်ဆောင်ရပါမယ်" ဟု မားကို့စ်က လာအိုနိုင်ငံတွင် ပြုလုပ်သည့် အာဆီယံအစည်းအဝေး၌ ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်သင်္ဘောများနှင့် အာဆီယံနိုင်ငံများ၏ ကမ်းရိုးတန်းဒေသများ၌ ထိပ်တိုက် တွေ့မှုများ ဖြစ်ပွားခဲ့ပြီးနောက် အာဆီယံအစည်းအဝေးများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်ကလည်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘောများသည် ဗီယက်နမ် ငါးဖမ်းသင်္ဘော တစ်စင်းကို တိုက်ခိုက်ခဲ့သဖြင့် သင်္ဘောသား ၁၀ ဦး ဒဏ်ရာရခဲ့ကာ ၎င်းတို့အနက် ၃ ဦးမှာ အရိုးများ ကျိုးသွား ခဲ့သည်ဟု ဗီယက်နမ်က စွပ်စွဲခဲ့သည်။

အာဆီယံထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ကျင်းပနေစဉ်

ထိုဖြစ်စဉ်မတိုင်မီ ဖိလစ်ပိုင်သင်္ဘောများနှင့် တရုတ်သင်္ဘောများအကြား ထိပ်တိုက်တွေ့မှုများ မကြာခဏ ဖြစ်ပွား ခဲ့ပြီး ထိုဖြစ်စဉ်များအတွက် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

"အဲဒီဖြစ်စဉ်တွေကို ကျနော်တို့ရဲ့ သက်ဆိုင်ရာ ပြည်သူတွေသာမက နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း သတိ မထားမိဘဲ နေမှာမဟုတ်ပါဘူး။ အဲဒီလိုဖြစ်စဉ်တွေ ထပ်ကာထပ်ကာ မဖြစ်ပွားစေဖို့အတွက် စီမံချက်တွေကို ချက်ချင်း ချမှတ်လုပ်ဆောင်သင့်ပါတယ်"ဟု မားကို့စ်က ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ၄၄ ကြိမ်မြောက်နှင့် ၄၅ ကြိမ်မြောက် အာဆီယံအစည်းအဝေးများကို လာအိုနိုင်ငံ၊ ဗီယန်ကျင်း (Vientiane) မြို့တော်တွင် အောက်တိုဘာ ၆ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ကျင်းပလျက်ရှိသည်။

Source: ဘန်ကောက်ပို့စ်