CNI International News

ကင်ဘာရာ ၊ နိုဝင်ဘာ ၁၃

တောင်တရုတ်ပင်လယ်တွင် ဖိလစ်ပိုင်၏ အချုပ်အခြာ အာဏာပိုင်ကြောင်း ထွက်ဆိုချက်များကို စွန့်လွှတ်စေရန် အတွက် တရုတ်က ဖိလစ်ပိုင်အပေါ် ဖိအားများတိုးမြှင့်နေကြောင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီဘာတို တီအိုဒိုရို (Gilberto Teodoro) က ပြောသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တီအိုဒိုရိုသည် နိုဝင်ဘာ ၁၂ ရက်က ဩစတြေးလျနိုင်ငံ၊ ကန်ဘာရာ (Canberra)  မြို့တော်တွင် ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချက် မာလက်စ် (Richard Marles) နှင့် အစည်းအဝေး ပြုလုပ်ချိန်တွင် ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂၀၂၃ ခုနှစ်နောက်ပိုင်း ပဉ္စမအကြိမ်မြောက် ပြုလုပ်သည့် ထိုအစည်းအဝေးအရ ဖိလစ်ပိုင်နှင့် တရုတ်အကြား လုံခြုံရေးဆက်ဆံမှုများ မြင့်တက်လာသော အခြေအနေကို ပြသရာရောက်ခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် အာဆီယံနိုင်ငံအချို့အကြား နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေသည့် နေရာများတွင် တရုတ်၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့က စိုးရိမ်ခဲ့ကြသည်။

ဖိလစ်ပိုင်နဲ့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးတို့ကို တွေ့ရစဉ်

"တရုတ်ဟာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ နေရာတွေမှာ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာပိုင်မှုရှိတဲ့ အခွင့်အရေး တွေကို စွန့်လွှတ်ဖို့ တောင်းဆို လှုပ်ရှားနေတာကို တွေ့ရပါတယ်" ဟု တီအိုဒိုရိုက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နှင့် ဩစတြေးလျတို့သည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလက မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး လအနည်းငယ်အကြာတွင် တောင်တရုတ်ပင်လယ်၌ ၎င်းတို့ ၂ နိုင်ငံ အကြား ပထမဆုံးအကြိမ်အဖြစ် လေကြောင်းနှင့်ရေကြောင်း ပူးတွဲကင်းလှည့်မှု ပြုလုပ်ခဲ့သည်။

ယခုနှစ်တွင်လည်း ဖိလစ်ပိုင်နှင့် ဩစတြေးလျသည် ပထမဆုံးအကြိမ်အဖြစ် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက ဖိလစ်ပိုင်သည် နယ်မြေကျူးကျော်မှုများ ပြုလုပ်ခဲ့သဖြင့် တရုတ်၏ မိမိတို့ အခွင့်အရေးအတွက် လိုအပ်သည့် အစီအမံများကို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း တုန့်ပြန် ပြောကြားခဲ့သည်။

"ဖိလစ်ပိုင်အနေနဲ့ နယ်မြေကျူးကျော်မှု၊ ရန်စမှုတွေ မလုပ်ဘူးဆိုရင် ပင်လယ်ရေကြောင်း အခြေအနေဟာလည်း တင်းမာလာမှာ မဟုတ်ပါဘူး" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က ပြောကြားခဲ့သည်။

Source: ရိုက်တာ