CNI International News

တိုကျို၊ ဇူလိုင် ၁၇

ဂျပန်နှင့် ဖိလစ်ပိုင်အကြား အင်ဒို-ပစိဖိတ်ဒေသရှိ လုံခြုံရေးအခင်းအကျင်းကို ပုံဖော်နိုင်ရန် Reciprocal Access Agreement (RAA) အမည်ရှိ စစ်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့မှုအပေါ် တရုတ်က စိုးရိမ်နေကြောင်း  TruthMV သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ လှုပ်ရှားမှုများ မြင့်တက်နေသည့် အခြေအနေကို တန်ပြန်ရန် ဂျပန်နှင့် ဖိလစ်ပိုင်တို့က ထိုကဲ့သို့ စစ်ရေးသဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

ဇူလိုင် ၈ ရက်က ဖိလစ်ပိုင်၏ မြို့တော် မနီလာ (Manila)တွင် လက်မှတ်ရေးထိုးခဲ့သည့် ထိုသဘောတူညီချက်အရ ဂျပန်နှင့် ဖိလစ်ပိုင်အကြား သက်ဆိုင်ရာ နိုင်ငံများ၌ စစ်သားများ ထားရှိခြင်း၊ တစ်ဖက်နှင့်တစ်ဖက် စစ်စခန်းများ အသုံးပြုခွင့်ရှိခြင်း၊ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် ဘေးအန္တရာယ် ကယ်ဆယ်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်း တို့ ပြုလုပ်နိုင်မည် ဖြစ်သည်။

 ဂျပန်နဲ့ဖိလစ်ပိုင် စစ်ရေးသဘောတူစာချုပ် ချုပ်ဆိုစဉ်

ဩစတြေးလျနှင့် ဗြိတိန်တို့ ပြီးပါက ဖိလစ်ပိုင်သည် ဂျပန်နှင့် RAA စာချုပ်ကို ချုပ်ဆိုသည့် တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပြီး တရုတ်ကမူ ထိုစာချုပ်ချုပ်ဆိုမှုအား အလွန်စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

“နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖလှယ်မှုဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်နေတာမျိုး မဖြစ်သင့်ပါဘူး။ အခြားနိုင်ငံတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေတာ ဒါမှမဟုတ် အခြား နိုင်ငံတွေကို ပစ်မှတ်ထားတာမျိုး မဖြစ်သင့်ပါဘူး” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ လင်ကျန်း (Lin Jian) က ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ မဟာဗျူဟာမြောက် ဖိလစ်ပိုင်နိုင်ငံနှင့် လုံခြုံရေးဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုမှုသည် အရေးကြီးကြောင်း၊ ထိုစာချုပ်သည် အင်ဒို-ပစိဖိတ် ဒေသတည်ငြိမ်ရေးနှင့် လုံခြုံရေးကို အထောက် အကူ ပေးနိုင်ကြောင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံတိုးမြှင့်သွားမည်ဖြစ် ကြောင်း ထုတ်ပြန်ခဲ့ သည်။

ဂျပန်နဲ့ဖိလစ်ပိုင် စစ်ရေးသဘောတူစာချုပ် ချုပ်ဆိုစဉ်

မည်သို့ပင်ဆိုစေ RAA စာချုပ်သည် စစ်အေးတိုက်ပွဲအသစ် သို့မဟုတ် အုပ်စုလိုက် ထိပ်တိုက်တွေ့မှုကို ဖြစ်စေနိုင် သည့် ရန်လိုသော လုပ်ရပ်ဖြစ်ကြောင်း ရှုမြင့်ခဲ့သည်။

ထိုစာချုပ်သည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း စစ်ရေးအင်အားကို ကန့်သတ်ထားသည့် ဂျပန်ကာကွယ်ရေးကဏ္ဍ၏ သမိုင်းကြောင်းနှင့် ကွဲလွဲဆန့်ကျင်နေကြောင်း တရုတ်အစိုးရက ပြောကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလကလည်း ဂျပန်နှင့် အိန္ဒိယသည် အလားတူ စစ်ရေးစာချုပ်ဖြစ်သည့် Acquisition and Cross-Servicing Agreement (ACSA) အမည်ရှိ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။

Source: Truth MV