CNI International News

ကျိုဒို၊ ဇန်နဝါရီ ၃၁

တရုတ်နှင့် အပြန်အလှန် အကျိုးရှိသည့် ဆက်ဆံရေးကို မြှင့်တင်မည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုကို ကာမီကာဝါ (Yoko Kamikawa) က ပြောကြားခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။

အာရှအင်အားကြီး နှစ်နိုင်ငံဖြစ်သည့် တရုတ်နှင့် ဂျပန်အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားသော  ပြဿနာများ အပါအဝင် များပြားလှသည့် အရေးကိစ္စများတွင် ထိပ်တိုက်တွေ့နေသောအချိန်၌ ဆွေးနွေးမှုများမှတဆင့် ခိုင်မာ ပြီးတည်ငြိမ်မှုရှိသော ဆက်ဆံရေးကို တည်ထောင်မည်ဟု ကာမီကာဝါက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုများ မြင့်တက်နေမှုအပေါ် စိုးရိမ် ကြောင်း ကာမီကာဝါက လွှတ်တော်တွင် ၂၀၂၄ ခုနှစ်အတွက် ဂျပန်၏ နိုင်ငံခြားရေးမူဝါဒများနှင့် ပတ်သက်သည့် မိန့်ခွန်းအတွင်း ထည့််သွင်းပြောကြားခဲ့သည်။

ဂျပန်အနေနှင့် ထိုအခြေအနေကို အမေရိကန်၊ တောင်ကိုရီးယား အပါအဝင် အခြား သဘောထားချင်း တူညီသည့််  နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တုန့်ပြန်သင့်ကြောင်း ကာမီကာဝါက ပြောသည်။

ကီရှီဒါနဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်

ဂျပန်နှင့် တရုတ်သည် ဒေသတွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တည်ငြိမ်ရေးနှင့် ချမ်းသာကြွယ်ဝရေးတို့ အတွက် ကြီးမားသည့် တာဝန်ရှိကြောင်းလည်း ကာမီကာဝါက ပြောသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကို (San Fransisco) မြို့တွင် ပြုလုပ်သည့် အာရှ-ပစိဖိတ် ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (APEC) အစည်းအဝေး၌ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ (Fumio Kishida) နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jingping) တို့ သီးသန့်တွေ့ဆုံခဲ့ပြီးနောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆန်ဖရန်စစ္စကိုတွင် တွေ့ဆုံခဲ့ချိန်က ကီရှီဒါနှင့် ရှီတို့သည် နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ဆက်ဆံရေးကို မြှင့်တင်ရန် သဘောတူခဲ့ကြသည်။

မကြာသေးမီလများအတွင်း ဂျပန်နှင့် တရုတ်အကြား အရှေ့တရုတ်ပင်လယ်အတွင်းရှိ ကျွန်းစုများပိုင်ဆိုင်မှု၊ တောင်တရုတ်ပင်လယ်အတွင်းရှိ နယ်နိမိတ်များ ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး အငြင်းပွားမှုများ မြင့်တက်ခဲ့ သည်။ 

ထို့ပြင် ဂျပန်က ငလျင်ကြောင့် ပေါက်ကွဲခဲ့သည့် ဖူကူရှီးမား (Fukushima) နျူကလီးယားစက်ရုံမှ သန့်စင်ပြီး ရေဒီယိုဓာတ်သတ္တိကြွရေများကို ပင်လယ်အတွင်း စွန့်ထုတ်မှုကြောင့် တရုတ်နှင့် တင်းမာမှုများ ပိုမိုမြင့်တက်ခဲ့ သည်။

 ထို့နောက် တရုတ်က ဂျပန်၏ ပင်လယ်စာ တင်သွင်းမှုများကို တားမြစ်ပိတ်ပင်ခဲ့သည်။

Source: Japan Times