CNI International News

မနီလာ၊ စက်တင်ဘာ ၂

တောင်တရုတ်ပင်လယ်တွင် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့များသည် သင်္ဘောချင်းတိုက်မိစေရန် လုပ်ဆောင်နေ ကြောင်း ဖိလစ်ပိုင်က ဩဂုတ် ၃၁ ရက်တွင် စွပ်စွဲခဲ့ပြီးနောက် ဂျပန်နှင့် အမေရိကန်တို့က ဖိလစ်ပိုင်ကို ထောက် ခံကြောင်း ပြောကြားခဲ့ကြသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် ဆာဘီနာ သောင်ခုံ (Sabina Shoal) အနီးတွင် တရုတ်နှင့်ဖိလစ်ပိုင် သင်္ဘောများ တိုက်မိခဲ့သည်။

ထိုဖြစ်စဉ်အတွက် တရုတ်နှင့်ဖိလစ်ပိုင်တို့က အပြန်အလှန် အပြစ်တင်လျက်ရှိသည်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ကမူ ထိုဖြစ်စဉ်တွင် ၎င်းတို့၏ သင်္ဘောတစ်စင်း ထိခိုက်သွားကြောင်း ပြောကြားခဲ့ သည်။

တောင်တရုတ်ပင်လယ်မှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ဖိလစ်ပိုင် သင်္ဘောတိုက်မိစဉ်

တောင်တရုတ်ပင်လယ်အရေးတွင် အဓိကနေရာမှ ပါဝင်နေသည့် ဂျပန်အနေဖြင့် ဩဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့ သော သင်္ဘောချင်းတိုက်မိခဲ့သည့် ဖြစ်စဉ် အပါအဝင် ထိုဖြစ်စဉ်များ ထပ်ကာထပ်ကာ ဖြစ်ပွားနေမှုအတွက် အလွန်စိုးရိမ်ကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဂျပန်သံအမတ် ကာဇူယာ အန်ဒို (Kazuya Endo) က X လူမှုမီဒီယာ တွင် ဖော်ပြခဲ့သည်။

"ဂျပန်အနေနဲ့ ရှိရင်းစွဲ အနေအထားကို အင်အားသုံးပြီး တစ်ဖက်သတ် ပြောင်းလဲမယ့် ဘယ်လိုအားထုတ် ကြိုးပမ်း မှုကိုမဆို ဆန့်ကျင်ကန့်ကွက်ပြီး ပင်လယ်ပြင် တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းပြီး ဖိလစ်ပိုင်ဘက်က ရပ်တည် နေပါတယ်" ဟု အန်ဒိုက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဩဂုတ် ၃၁ ရက် ထုတ်ပြန်ချက်တွင်လည်း တရုတ်သည် ဖိလစ်ပိုင်၏ တရားဝင် ပင်လယ်ရေကြောင်း လှုပ်ရှားသွားလာမှုကို ဆန့်ကျင်သည့် အန္တရာယ်များပြီး တင်းမာမှု မြင့်တက်စေ သော လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း ဝေဖန်ရှုတ်ချခဲ့သည်။

ဂျပန်၊ ဖိလစ်ပိုင်နဲ့အမေရိကန် ခေါင်းဆောင်များကိုတွေ့ရစဉ်

နယ်မြေပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး တရုတ်၏ တရားမဝင် ကြေညာချက်များနှင့် ထိုကြေညာချက်များကို တရားဝင်စေရန် ကြိုးပမ်းမှုသည် နိုင်ငံအားလုံး၏ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် လေယာဉ်ပျံသန်း ခွင့်များကို ခြိမ်းခြောက်နေကြောင်း အမေရိကန်က ဝေဖန်ခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် မယ်ရီကေး ကာလ်ဆင် (MaryKay Carlson) ကလည်း ဖိလစ်ပိုင် သင်္ဘောကို ရည်ရွယ်ချက်ရှိရှိ ဝင်တိုက်မှု အပါအဝင် နိုင်ငံတကာဥပဒေကို မကြာခဏ ချိုးဖောက်နေသည့် တရုတ် ၏ အန္တရာယ်များသော လုပ်ဆောင်ချက်များကို အမေရိကန်အစိုးရက ရှုတ်ချကြောင်း X လူမှုမီဒီယာတွင် ရေးသား ဖော်ပြခဲ့သည်။

ယခုဖြစ်စဉ် မတိုင်မီ ယခင်က ဖိလစ်ပိုင်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည့် ဂျပန်သံအမတ်၏ မှတ်ချက်များ နှင့် ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံရှိ တရုတ်သံရုံးက တုန့်ပြန်ရာတွင် တရုတ်ကို အကြောင်းမဲ့ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဆန့်ကျင်ကန့်ကွက်ကြောင်း သံတမန်ရေးရာ ကန့်ကွက်လွှာကို ဂျပန်သံရုံးအား ပေးပို့ခဲ့ကြောင်း တရုတ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်