CNI International News

နယူးဒေလီ၊ စက်တင်ဘာ ၂

အိန္ဒိယသည် ၎င်း၏ နျူကလီးယားအင်အားကို ချဲ့ထွင်သည့် အနေဖြင့် ပဲ့ထိန်းစနစ်တပ် နျူကလီးယာ ဒုံးကျည် ပစ်လွှတ်နိုင်သော ဒုတိယမြောက် ရေငုပ်သင်္ဘောကို ရေတပ်စစ်သင်္ဘော အုပ်စုအတွင်း ထပ်မံထည့်သွင်းခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

INS Arighaat အမည်ရှိ ထိုနျူကလီးယား ရေငုပ်သင်္ဘောသည် ဩဂုတ် ၂၉ ရက်က ဝိသာခါ ပတ္တနမ် (Visakha patnam) မြို့ရှိ အိန္ဒိယရေတပ်တွင် တပ်တော်ဝင် အခမ်းအနားဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ထိုရေငုပ်သင်္ဘောကို အနည်းငယ်ကြာ စမ်းသပ် အသုံးပြုခဲ့ပြီးနောက် ရေတပ်သို့ လွှဲပြောင်း အပ်နှံခဲ့ခြင်းဖြစ်သည်။ 

INS Arighaat ရေငုပ်သင်္ဘောသည် ၂၀၁၆ ခုနှစ်က တပ်တော်ဝင်ခဲ့သည့် INS Arighant ရေငုပ်သင်္ဘောပြီးလျှင် ဒုတိယမြောက် နျူကလီးယားဒုံးကျည်တပ် ရေငုပ်သင်္ဘောဖြစ်သည်။

Arighant အမျိုးအစား ရေငုပ်သင်္ဘောသည် အိန္ဒိယ၏ နျူကလီးယား အဟန့်အတားကို မြှင့်တင်မှု၊ ဒေသတွင်း မဟာဗျူဟာမြောက် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီမှုကို ထူထောင်ရာတွင် အကောက်အကူ ဖြစ်စေမှု၊ နိုင်ငံ၏ လုံခြုံရေကဏ္ဍတွင် အဓိကနေရာမှပါဝင်မှု အစရှိသည့် အကျိုးကျေးဇူးများကို မြင့်တက်စေလိမ့်မည်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ် ဆင်း (Rajnath Singh) က ပြောကြားခဲ့သည်။

အိန္ဒိယကာကွယ်ရေးဝန်ကြီး ရာဂျ်နက်သ်ဆင်းကို တွေ့ရစဉ်

အလေးချိန် တန် ၆၀၀၀ ရှိသည့် INS Arighaat ရေငုပ်သင်္ဘောသည် ကီလိုမီတာ ၇၅၀ အကွာအဝေးအထိ ပစ်ခတ် ရောက်ရှိနိုင်သည့် K-15 နျူကလီးယား ပဲ့ထိန်းဒုံးကျည်များကို တပ်ဆင်နိုင်ပြီး အင်ဒို-ပစိဖိတ်ဒေသတွင် ကင်းလှည့် မှုများ ပြုလုပ်မည်ဖြစ်သည်။

ထိုနျူကလီးယား သင်္ဘောများကြောင့် အိန္ဒိယသည် နျူကလီးယား လက်နက်များကို မြေပြင်၊ ရေပြင်နှင့်ဝေဟင်တို့ မှတစ်ဆင့် ပစ်လွှတ်နိုင်မည့် စွမ်းဆောင်ရည်ကို မြင့်တက်စေခဲ့သည်။

ထိုနျူကလီးယား စွမ်းအင်သုံး ပဲ့ထိန်းစနစ်တပ် ရေငုပ်သင်္ဘောနှစ်စင်းသည် အင်ဒို-ပစိဖိတ်ဒေသကို ဗဟိုပြုသည့် ဒေသတွင်း အိန္ဒိယ၏ အခန်းကဏ္ဍကို ပိုမိုမြင့်တက်စေလိမ့်မည်ဖြစ်ပြီး အိန္ဒိယရေတပ်၏ အင်အားကို ပိုမို ကောင်းမွန် လာစေမည်ဖြစ်ကြောင်း Hindustan Times မှ ဖော်ပြခဲ့သည်။

နျူကလီးယား စွမ်းအင်သုံး ပဲ့ထိန်းစနစ်တပ် ရေငုပ်သင်္ဘောများ ပိုမိုများပြားလာမှုသည် အိန္ဒိယ၏ နျူကလီးယား အဟန့်အတားကို မြင့်တက်စေသော်လည်း ထိုကဲ့သို့ ကြီးမားသည့် လက်နက်အင်အားကို ကိုင်စွဲထားမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုလည်း ပိုမိုကြီးမားကြောင်း ဘေကျင်း (Beijing) အခြေစိုက် အမည်မဖော်လိုသည့် စစ်ရေးကျွမ်းကျင်သူ တစ်ဦးက ပြောကြားခဲ့သည်။

Source: Nikkei Asia