CNI International News

ဝါရှင်တန်၊ မတ်လ ၁၄

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ (Narendra Modi) သည် ယူကရိန်းအပေါ်  ရုရှား နျူကလီးယား တိုက်ခိုက်မှု အန္တရာယ်မှ တားဆီးရန် ညှိနှိုင်းဆောက်ရွက်မှုများတွင် အကူအညီပေးခဲ့သည်ဟု အမေရိကန် လွှတ်တော်အမတ် ၂ ဦးက ပြောကြားခဲ့ကြောင်း The Print သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

ထိုပြင် အကြမ်းမဖက် မူဝါဒဖြင့် ကမ္ဘာကျော်ခဲ့သော မဟတ္တမ ဂန္ဓီ (Mahatma Gandhi)ကြောင့် လူသိများခဲ့သည့် အိန္ဒိယသည် ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခများကို ဖြေရှင်းရန် ကြိုးပမ်းလာသည့် အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်ဟုလည်း အမေရိကန်အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်သူ ရစ်ချ် မက် ကော်မစ် (Rich McCormick) က ပြောသည်။

ကမ္ဘာ့စင်မြင့်ထက်တွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုနှင့် အိန္ဒိယ၏ လျင်မြန်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများက ပဋိပက္ခများကို ဖြေရှင်းရာတွင် အဓိက အခန်းကဏ္ဍမှာ ပါဝင်နိုင်စေခဲ့ပြီး တရုတ်နှင့် အမေရိကန်ကဲ့သို့ စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

အမေရိကန်လွှတ်တော်အမတ် ရစ်ချ်မက်ကော်မစ်ကို တွေ့ရစဉ်

“အိန္ဒိယဟာ ခြေလှမ်းစနေပြီလို့ ကျနော်ထင်ပါတယ်။ ဝန်ကြီးချုပ်မိုဒီဟာ နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်နေပါတယ်။ ကမ္ဘာ့အလျင်မြန်ဆုံး စီးပွားရေးဖွံ့ဖြိုးတိုးတက်နေတဲ့ အိန္ဒိယဟာ မကြာခင်မှာ ကမ္ဘာ့ တတိယ မြောက် စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံ ဖြစ်လာတော့မှာပါ” ဟု ကော်မစ်က ပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယသည် အမေရိကန်နှင့် တရုတ်တို့ကို စိးပွားရေးအရ ပြိုင်ဆိုင်လာနိုင်ပြီး အင်အားကြီးမားလာလေလေ လူအများ၏ အာရုံစိုက်မှုကို ရရှိလေလေဖြစ်ကြောင်း ကော်မစ်က ANI သတင်းဌာနသို့ ပြောကြားခဲ့သည်။

အထူးသဖြင့် အိန္ဒိယသည် ရုရှား၏ အကြီးဆုံး စွမ်းအင် ဝယ်ယူသူဖြစ်ပြီး ထိုအချက်က ယူကရိန်းပဋိပက္ခတွင် ရုရှားနှင့် သံတမန်ဆက်ဆံရေးအရ အလွန်အရေးကြီးသည့် နေရာမှ ရပ်တည်နိုင်စေခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

အမေရိကန်လွှတ်တော်အမတ် ရာဂျား ကရစ္စနာမိုရ်သီကို တွေ့ရစဉ်

နောက်ထပ် အမေရိကန်လွှတ်တော် အမတ်တစ်ဦးဖြစ်သည့် ရာဂျား ကရစ္စနာမိုရ်သီ (Raja Krishnamoorthi) ကလည်း ငြိမ်းချမ်းရေးအတွက် ကြားဝင်စေ့စပ်ပေးနိုင်စွမ်းတွင် အိန္ဒိယ၏ စွမ်းဆောင်ရည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယသည် ဂန္ဓီ၏ အကြမ်းမဖက် မူဝါဒဖြင့် ပဋိပက္ခများကို ငြိမ်းချမ်းစွာ အဖြေရှာပြီး ငြိမ်းချမ်းရေး အကျိုးဆောင် အဖြစ် ဆက်လက်ရည်တည်နေလိမ့်မည်ဟု မျှော်လင့်ကြောင်း ကရစ္စနာမိုရ်သီက ပြောကြားခဲ့သည်။

“အိန္ဒိယဟာ မဟတ္တမ ဂန္ဓီကြောင့် လူသိများလာခဲ့ပါတယ်။ ပြီးတော့ မဟတ္တမ ဂန္ဓီကလည်း အကြမ်းမဖက် ဒဿနအပေါ် ယုံကြည်သူဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကို အဖြေရှာလို့ မရပါဘူး။ ငြိမ်းချမ်းစွာနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့သာ အဖြေရှာနိုင်မှာဖြစ်ပါတယ်”ဟု ကရစ္စနာမိုရ်သီက ပြောကြားခဲ့သည်။

Source: The Print