CNI International News 

မော်စကို၊ မတ်လ ၁၄

၃ နှစ်တာ ကာလထဲသို့ ဝင်ရောက်လာခဲ့သည့် ယူကရိန်းစစ်ပွဲကြောင့် ရုရှားသည် စစ်ပန်းနေသည့်တိုင် ယခု သီတင်းပတ်အတွင်း ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတ ဗလာဒီမာ ပူတင် (Vladimir Putin) သည် နောက်ထပ် ၆ နှစ်သက်တမ်းအတွက် အနိုင်ရရှိရန် သေချာသလောက်ရှိနေသည်ဟု အေပီမှ ဖော်ပြခဲ့သည်။

ပူတင်သည် ၂၄ နှစ်ကြာ အာဏာကို ကိုင်စွဲထားမှုနှင့်အတူ ဆိုဗီယက်ခေါင်းဆောင် ဂျိုးဆက်ဖ် စတာလင် (Josef Stalin) နောက်ပိုင်း သက်တမ်းအရှည်ဆုံး ရုရှားခေါင်းဆောင်တစ်ဦး ဖြစ်လာမည်ဖြစ်သည်။

အသက် ၇၁ နှစ်အရွယ် ပူတင်သည် ၎င်း၏ နိုင်ငံရေး အတိုက်အခံအားလုံးကို ပြင်းထန်သည့် ဥပဒေများ ထုတ်ပြန် ပြီး ကြီးလေးသော ဒဏ်ငွေများချမှတ်ခြင်း၊ ထောင်ဒဏ် ချမှတ်ခြင်းတို့ဖြင့် ၎င်းအပေါ် ဝေဖန်သံများအား တိတ်ဆိတ်သွားစေရန် လုပ်ဆောင်ခဲ့သည်။

သို့သော် ပူတင်အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုသည့်တိုင်  ရွေးကောက်ပွဲ၏ သက်ရောက်မှုရှိသည့် နယ်ပယ်ကဏ္ဍများနှင့် အဓိကဖြေရှင်းရမည့် အကြောင်းအရာများရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

အထူးသဖြင့် ရွေးကောက်ပွဲသည် ယူကရိန်းစစ်ပွဲအပေါ် တစ်နည်းတစ်ဖုံ သက်ရောက်မှု ရှိနေသည်။ 

 ယူကရိန်းစစ်ပွဲအတွင်း ရုရှားကို ဆန့်ကျင်ကြသူများကိုတွေ့ရစဉ်

ပူတင်က သူသည် ယူကရိန်းစစ်ပွဲတွင် ရည်မှန်းချက် ပန်းတိုင်များကို အောင်မြင်သည်အထိ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် ရုရှားတပ်များက အသာစီးရနေကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။

သို့သော်လည်း ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်တပ်၏ ထိခိုက်ဆုံးရှုံးမှုများကို ရုရှားပြည်သူများအကြား သိရှိသူ နည်းပါးလှပြီး ရုရှားစစ်သားများ ထိခိုက်သေဆုံးမှုအား အများသိစေရန် ရှင်းလင်းထုတ်ပြန်မှုသည် စိန်ခေါ်မှုတစ်ခု ဖြစ်နေသည်။

ထို့ပြင် ရွေးကောက်ပွဲကာလအတွင်း ရုရှား၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည်လည်း ပူတင်အတွက် အဓိကဖြေရှင်းရမည့် အချက်တစ်ခုဖြစ်သည်။ 

ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ရုရှားသည် အနောက်နိုင်ငံများ၏ ပြင်းထန်သည့် ပိတ်ဆို့မှုများကို ရင်ဆိုင်ခဲ့ရသည်။ 

ပူတင်ကမူ မဲဆွယ်စည်းရုံးမှုများအတွင်း အများပြည်သူ၏ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် အားကစားကဏ္ဍများကို တိုးတက်အောင် လုပ်ဆောင်မည်ဖြစ်ပြီး ဆင်းရဲမွဲတေမှုကို တိုက်ဖျက် သွားမည်ဟု ကတိပြုခဲ့သည်။

နောက်ထပ် ဖြေရှင်းရမည့် အချက်များမှာ နိုင်ငံရေး အတိုက်အခံများကို ဖိနှိပ်မှုတွင် လူထု၏ ယုံကြည်ကိုးစားမှု အား ပြန်လည်ရယူရန်နှင့် ယူကရိန်းစစ်ပွဲကြောင့် သက်ရောက်မှုရှိခဲ့သည့် ရုရှား၏ မူဝါဒများကို ပြန်လည် ထိန်းသိမ်းရန်ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့ကြသည်။

Source: အေပီ