CNI International News

မော်စကို၊ မေလ ၁၇

ရုရှားသမ္မတ ဗလာဒီမာပူတင် ( Vladimir Putin ) သည် ယူကရိန်းနှင့်ဖြစ်ပွားနေသည့် စစ်ပွဲကို အဆုံးသတ်ရန် ငြိမ်းချမ်းစွာ ဖြေရှင်းသည့် နည်းလမ်းများအား ရှာဖွေနေချိန်တွင် စစ်ပွဲကို အဆုံးသတ်ရန် ရုရှားအမျိုးသားရေး ဝါဒီများက တိုက်တွန်းနေကြကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ရုရှားတို့ ထိန်းချုပ်ထားသည့် ယူကရိန်းအရှေ့ပိုင်း ဒွန်းနက်စ် (Donetsk) ဒေသတွင် နေထိုင်သည့် ရုရှားလိုလား သော တက်ကြွလှုပ်ရှားသူ ပေဗယ် ဂူဘာရက်ဗ် (Pavel Gubarev) ကမူ “ကျနော်တို့ လက်နက်ချပါတယ်။ ကျနော်တို့ အညံ့ခံပါတယ်”ဟု မေလ ၁၁ ရက်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အနောက်နိုင်ငံများကမူ ထိုအခြေအနေများသည် ပူတင်အနေဖြင့် ဖိအားများအောက်တွင် ရောက်ရှိနေသည့် လက္ခဏာများဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ရုရှားလိုလားသည့် အမျိုးသားရေးဝါဒီများအနေဖြင့် တိကျသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ပြီး ပူတင်အတွက် ခြိမ်းခြောက်မှု မဖြစ်စေရကြောင်း ကရင်မလင်နန်းတော်နှင့် နီးစပ်သူ ၃ ဦးက ပြောကြားခဲ့သည်။

ယူကရိန်းက ရုရှားကို လက်နက်ကြီးနဲ့ပစ်နေစဉ်

ပူတင်နှင့် ၎င်း၏ ထောက်လှမ်းရေး အေဂျင်စီများသည်လည်း ၎င်းတို့၏ ရည်ရွယ်ချက်များကို အနှောင့်အယှက် မဖြစ်စေရန် ရုရှားမျိုးချစ်များကို ကောင်းမွန်စွာ စီမံခန့်ခွဲရန် လိုအပ်သည်ဟုလည်း ၎င်းတို့က ပြောသည်။

“သူတို့တွေကို အပြည့်အဝ ထိန်းချုပ်ထားခြင်းမရှိပါဘူး”ဟု Carnegie Russia Eurasia Center မှ ရုရှားအရေးကို လေ့လာသူဖြစ်သည့် တာတီယာနာ စတန်နိုဗာယာ (Tatiana Stanovaya) က ပြောကြားခဲ့သည်။

အချို့ ရုရှားမျိုးချစ်များကမူ ရုရှားစစ်တပ်အား ယူကရိန်း၏ ကိယက်ဗ် (Kyiv) မြို့တော်၊ အိုဒက်ဆာ (Odesa) မြို့နှင့် ပိုလန်နိုင်ငံကိုပင် တိုက်ခိုက်ရန် တိုက်တွန်းခဲ့ကြကြောင်း စတန်နိုဗာယာက ပြောသည်။

ထိုပစ်မှတ်များသည် ရုရှားသမ္မတ ပူတင်၏ စစ်ပွဲဆင်နွှဲရသည့် ရည်မှန်းချက်များထက် ပိုမိုကျော်လွန်နေသည်ဟု ၎င်းက ဆိုသည်။

စတန်နိုဗာယာ ပြောကြားခဲ့သည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ကရင်မလင်နန်းတော်က မှတ်ချက်ပေးရန် တောင်းဆိုမှုကို ချက်ချင်းမတုံ့ပြန်ခဲ့ပေ။

Source: ရိုက်တာ