CNI International News

နယူးဒေလီ၊ မေလ ၁၇

အိန္ဒိယသည် ပါကစ္စတန်လယ်သမားများကို ထောက်ပံ့ပေးနေသည့် မြစ်ရေများကို သိသိသာသာ လျှော့ချရန် အစီအစဉ်များအား စဉ်းစားနေကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဧပြီလက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အိန္ဒိယ က ထိုတိုက်ခိုက်မှုအတွက် ပါကစ္စတန်ကို အပြစ်တင်ခဲ့သည်။

ထို့နောက် လက်တုံ့ပြန်သည့် အနေဖြင့်  ပါကစ္စတန်အား အင်ဒူမြစ်ရေများ ထောက်ပံ့မှု လျှော့ချရန် စဉ်းစားနေခြင်း ဖြစ်ကြောင်း ထိုကိစ္စနှင့် နီးစပ်သည့် လူ ၄ ဦးက ပြောကြားခဲ့သည်။

နှစ်နိုင်ငံကြား တင်းမာမှုများကြောင့် အိန္ဒိယသည် ၁၉၆၀ ပြည့်နှစ်က ပါကစ္စတန်နှင့်ချုပ်ဆိုထားသည့် အင်ဒူမြစ်ရေ စာချုပ် (Indus Waters Treaty) တွင် ၎င်း၏ ပါဝင်မှုကို ဆိုင်းငံ့ထားသည်။

ပါကစ္စတန်ကမူ ကက်ရှ်မီးယား တိုက်ခိုက်မှုနှင့် ပတ်သက်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သော်လည်း ထိုမြစ်ရေ စာချုပ် သည် ပြန်လည် အသက်ဝင်လာခဲ့ခြင်း မရှိသေးပေ။

အိန္ဒိယဘက်မှ မြစ်ရေစာချုပ်ကို ဆိုင်းငံ့ခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi)သည် မူလက ပါကစ္စတန်အတွက် အသုံးပြုရန် ရည်ရွယ်ထားသည့်  ရေလမ်းကြောင်း ၃ ခုဖြစ်သည့် ချီနက်ဘ်မြစ် (Chenab) ၊ ဂျီလမ်မြစ် (Jhelum )နှင့် အင်ဒူမြစ်ရေ လမ်းကြောင်းများတွင် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ရန် အရာရှိများကို အမိန့်ပေးခဲ့သည်ဟု သတင်းရင်းမြစ် ၆ ခုက ရိုက်တာကို ပြောကြားခဲ့သည်။

အင်ဒူမြစ်ရေကို တွေ့ရစဉ်

ထိုစီမံကိန်းများအနက် အဓိက စီမံကိန်းတစ်ခုမှာ ပါကစ္စတန်၏ စိုက်ပျိုးရေး ပြည်နယ်ဖြစ်သည့် ပန်ဂျပ် (Punjab) အထိ ရှိသည့် ချီနက်မြစ်ပေါ်ရှိ ရန်ဘီယာတူးမြောင်း (Ranbir canal) ကို ကီလိုမီတာ ၁၂၀ အထိ တိုးချဲ့ရန် ဆွေးနွေးမှုများလည်း ပါဝင်သည်ဟုဆိုသည်။

မြစ်ရေစာချုပ် လက်မှတ်မထိုးမီ ၁၉ ရာစုနှစ် ကတည်းက ထိုတူးမြောင်းကို ဖောက်လုပ်ထားခြင်းဖြစ်သည်။

အိန္ဒိယသည် ချီနက်မြစ်မှ ရေများကို ဆည်မြောင်းစနစ်ဖြင့် လွှဲယူခွင့် ပမာဏကို ကန့်သတ်ခဲ့ပြီး တိုးချဲ့တူးမြောင်း ဆောက်လုပ် ပြီးစီးသွားမည်ဆိုပါက လက်ရှိ မြစ်ရေ ၄၀ ကုဗမီတာမှ ၁၅၀ ကုဗမီတာအထိ လွှဲယူနိုင်မည်ဖြစ်သည်။

ဧပြီလအတွင်းက အိန္ဒိယဘက်မှ မြစ်ရေစာချုပ်ကို ဆိုင်းငံ့ခဲ့ပြီးနောက် ပါကစ္စတန်သို့ စီးဆင်းမည့် မြစ်ရေများကို တားဆီးခြင်း၊ သို့မဟုတ် လမ်းကြောင်းလွှဲခြင်းတို့ ပြုလုပ်မည်ဆိုပါက ထိုလုပ်ဆောင်မှုများကို စစ်ပွဲဆင်နွှဲသည့် လုပ်ဆောင်မှုအဖြစ် သတ်မှတ်မည်ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောကြားထားသည်။

Source: ရိုက်တာ