CNI International News
နယူးဒေလီ၊ အောက်တိုဘာ ၄
မေလက ပါကစ္စတန်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း အိန္ဒိယသည် ပါကစ္စတန် တိုက်လေယာဉ်များ ဖြစ်သော F-16 နှင့် JF-17 အမျိုးအစား တိုက်လေယာဉ် ၅ စင်းကို ပစ်ချခဲ့ကြောင်း အိန္ဒိယလေတပ်အကြီးအကဲ အမ်မာ ပရိဆင်း ( Amar Preet Singh) က အောက်တိုဘာ ၃ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့ သည်။
ထိုပဋိပက္ခအတွင်း ပါကစ္စတန်တိုက်လေယာဉ် ၅ စင်းနှင့် အခြားစစ်လေယာဉ်တစ်စင်း ပစ်ချခံခဲ့ရသည်ဟု အစောပိုင်းတွင် ဆင်းက ပြောကြားခဲ့ပြီး ယခုအကြိမ်တွင် အိန္ဒိယဘက်က ၎င်းတို့ပစ်ချခဲ့သည့် ပါကစ္စတန် တိုက်လေယာဉ်များ၏ အမျိုးအစားကို ပထမဆုံးအကြိမ်အဖြစ် လူသိရှင်ကြား ထုတ်ပြောခဲ့ခြင်းဖြစ်သည်။
“လေကြောင်း ကာကွယ်ရေး အပိုင်းနဲ့ ပတ်သက်ပြီးတော့ F-16 နဲ့ JF-17 အမျိုးအစား နည်းပညာမြင့် တိုက်လေယာဉ် ၅ စင်းနဲ့အတူ ကျနော်တို့မှာ တာဝေးပစ် တိုက်ခိုက်မှုတစ်ခုရဲ့ အထောက်အထားတွေ ရှိပါတယ်” ဟု ဆင်းက အိန္ဒိယလေတပ်၏ နှစ်ပတ်လည်နေ့ သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြား ခဲ့သည်။
F-16 သည် အမေရိကန်လုပ် တိုက်လေယာဉ်ဖြစ်ပြီး JF-17 သည် တရုတ်နိုင်ငံလုပ် တိုက်လေယာဉ်ဖြစ်သည်။
အိန္ဒိယစစ်ဘက် အရာရှိတွေကို တွေ့ရစဉ်
အိန္ဒိယ၏ ပြောကြားချက်နှင့်ပတ်သက်ပြီး ရိုက်တာသတင်းဌာန၏ မှတ်ချက်တောင်းခံမှုကို ပါကစ္စတန် စစ်တပ်က ချက်ချင်း တုံ့ပြန်ခဲ့ခြင်းမရှိပေ။
ပါကစ္စတန်ဘက်ကလည်း ၎င်းတို့သည် ပြင်သစ်လုပ် Rafale တိုက်လေယာဉ် အပါအဝင် အိန္ဒိယတိုက်လေယာဉ် ၆ စင်းကို ပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရက လေယာဉ်များ ထိခိုက်ဆုံးရှုံးမှု အနည်းငယ်ရှိကြောင်း ဝန်ခံခဲ့သော်လည်း လေယာဉ် ၆ စင်း ပစ်ချ ခံခဲ့ရသည့် အချက်ကို ငြင်းဆိုခဲ့သည်။
ဧပြီလက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မေလ အစောပိုင်း၌ အိန္ဒိယနှင့် ပါကစ္စတန်ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
၄ ရက်ကြာ ဖြစ်ပွားခဲ့သည့် ထိုပဋိပက္ခတွင် နှစ်နိုင်ငံစလုံးက တိုက်လေယာဉ်များ၊ ဒုံးကျည်များ၊ လက်နက်ကြီး များနှင့် ဒရုန်းများကို အသုံးပြုခဲ့ကာ မေလ ၁၀ ရက်၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သည်။
Source: CAN