CNI International News
အစ္စလာမ်မာဘက်၊ မေ ၁၂
အမေရိကန်ဦးဆောင်သည့် ဆွေးနွေးမှုများဖြင့် အိန္ဒိယနှင့် ပါကစ္စတန်ကြား မေလ ၁၀ ရက်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း နာရီပိုင်းအကြာမှာပင် ထိုအပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ကြောင်း အပြန်အလှန် စွပ်စွဲပြောကြားမှုများရှိခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်လက အိန္ဒိယဘက်ခြမ်းရှိ ကက်ရှ်မီးယားဒေသတွင် စစ်သွေးကြွများ၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး အိန္ဒိယက ပါကစ္စတန်ကို အပြစ်တင်ခဲ့ကာ နှစ်နိုင်ငံကြား ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ထို့နောက် မေလ ၁၀ ရက်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သဖြင့် တိုက်ခိုက်မှုများ အဆုံးသတ် သွားလိမ့်မည်ဟု အများစုက မျှော်လင့်ခဲ့ကြသည်။
သို့သော် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိပြီး နာရီပိုင်းအကြာတွင် အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသ၏ မြို့ကြီး ၂ မြို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီ (Vikram Misri) ကမူ နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူ ညီချက် ချိုးဖောက်မှုများရှိခဲ့ပြီး ပါကစ္စတန်ကို သဘောတူညီချက် ချိုးဖောက်ကြောင်း စွပ်စွဲခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဗစ်ကရမ် မစ္စရီကို တွေ့ရစဉ်
“ပါကစ္စတန်အနေနဲ့ ဒီလိုချိုးဖောက်မှုတွေကို ဖြေရှင်းဖို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အလေးထားဖြေရှင်းဖို့ သင့်တော်တဲ့ အစီအစဉ်တွေကို လုပ်ဆောင်ဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” ဟု မစ္စရီက နယူးဒေလီမြို့တော်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
အိန္ဒိယစစ်တပ်ကလည်း နယ်စပ်ဒေသ ကျူးကျော်မှုအတွက် လက်တုံ့ပြန်ခဲ့ကြောင်း ၎င်းက ဆိုသည်။
ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ချိုးဖောက်မှုအတွက် အိန္ဒိယ တပ်ဖွဲ့များကို အပြစ်တင်ခဲ့သည်။
ပါကစ္စတန်သည် သဘောတူညီချက်အတိုင်း ဆက်လက် နေထိုင်ခဲ့ကြောင်း၊ ၎င်းတို့တပ်ဖွဲ့များသည် အခြေအနေကို တာဝန်သိသိဖြင့် ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖြေရှင်းနေကြောင်းလည်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
“အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အဆင်ပြေ ချောမွေ့စွာ အကောင်အထည်ဖော်ရာမှာ သင့်တော်တဲ့ အဆင့်အတန်းတွေနဲ့အတူ ဆက်သွယ်ဖြေရှင်းသင့်ပါတယ်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
Source: အေပီ