CNI News
၂၀၂၅ ခုနှစ်၊ မေလ ၁၂
တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြမှုသည် တရုတ်အနေ ဖြင့် နစကဘက်၌ ရပ်တည်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းတို့နှစ်ဦးသည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပမည့် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီး အောင်ပွဲ နှစ် (၈၀) ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီးနောက် ၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်တွင် တွေ့ဆုံခဲ့ကြသည်။
နစကအနေဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခွင့် ရရှိရေးကို ခွင့်တောင်းလာသည်မှာ ကာလတစ်ခုအထိ ရှိပြီဖြစ်ပြီး ယခုအခမ်းအနား၌ တွေ့ဆုံခွင့် ရခဲ့ခြင်းဖြစ်ကြောင်း၊ နစကဘက်မှ တရုတ်စီမံကိန်း တည်ရှိရာ လမ်းကြောင်းများကို မထိန်းနိုင်ပါက တရုတ်အနေဖြင့် မန္တလေးအထိ ဝင်ရောက်ထိန်းသိမ်းပေးရန် ရှိသည်ဟု ကြားရကြောင်းလည်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “ပေါ်လစီအရ ပြောရင်တော့ တရုတ်က SAC ပေါ့လေ။ နစကကို ထောက်ခံနေတာကြာပြီပဲ နိုင်ငံရေးအရ ပြောရင်တော့။ ဒါကြောင့်သူ့ကို ဆုံးရှုံးသွားတဲ့ လားရှိုးတောင်မှ လွယ်လွယ်ကူကူပြန်ရအောင် တရုတ်က စီစဉ်ပေးခဲ့ တာကို။ ထို့အတူပဲ တရုတ်က လိုအပ်လို့ နောက်ထပ် အဲဒီလမ်းကြောင်းကို မထိန်းနိုင်ဘူး၊ ပြဿနာတွေများမယ် ဆိုရင် မန္တလေးအထိတောင်မှ တရုတ်အနေနဲ့ ဝင်ရောက်ပြီး ထိန်းသိမ်းပေးဖို့ရှိတယ်လို့ ကြားရပါတယ်။ ဒါကြောင့် တရုတ်သမ္မတနဲ့တွေ့တာက ခရီးသွားဟန်နဲ့ တွေ့တာပါ။ တကယ့်ပုံကြီးချဲ့ပြီးတော့ ပြောရင်တော့ တရုတ်ပြည်ကို ဖိတ်ပြီး တရုတ်ပြည်မှာ အခမ်းအနားနဲ့ ကြိုဆိုပြီးတွေ့တာ မဟုတ်ဘဲနဲ့ မော်စကိုမှာ ၂ ယောက် ရောက်နေတုန်းမှာ highline လို့ခေါ်တာပေါ့။ main event ကတော့ ပြီးသွားပြီ highline တွေ့တဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့် highline တွေ့တာကိုတော့ သံတမန်ကိစ္စမှာ အပိုဆုတွေ့တယ်၊ အားပေးစရာရှိ အားပေးမယ်၊ အပြန်အလှန် မိတ်ဆက်မယ်၊ အဲဒီသဘောကို တွေ့ရပါတယ်။ ဘာပဲဖြစ်ဖြစ် တရုတ်ကတော့ စစ်ကောင်စီ ခေါ်ခေါ် SAC ရဲ့ နောက်မှာ ရပ်ပြတဲ့သဘောကိုတော့ နောက်ထပ် သက်သေတစ်ခု ပြလိုက်တာပေါ့” ဟု ပြောသည်။
သမ္မတရှီက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး၊ အချုပ်အခြာ အာဏာနှင့် မြန်မာနိုင်ငံ တည်ငြိမ် အေးချမ်းရေးတို့ကို အမြဲထောက်ခံ အားပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းများတွင် ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည်ဟု မေလ ၉ ရက်က နစကဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်း၊ အဖွဲ့အစည်း၊ စီမံကိန်းများ၏ ဘေးကင်းလုံခြုံမှုကို သေချာ အာမခံပေးရန်လည်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်အနေဖြင့် လုံခြုံရေး ကိစ္စရပ်များနှင့်ပတ်သက်၍ နစက၏ လုပ်ဆောင်မှုများကို စိတ်မချဘဲ စိုးရိမ်ပူပန်မှု များ ရှိသည့်အတွက် ကြိုတင် ဟန့်တားလိုက်သည့်သဘော ဖြစ်နိုင်ကြောင်း တရုတ်-မြန်မာအရေး လေ့လာသုံးသပ် သူ ဒေါက်တာလှကျော်ဇောက CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်က နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်ကို တွေ့ရစဉ်
၎င်းက “သူ အဲဒါပူပန်တာလည်းပါတယ်။၊ ဘာဖြစ်လို့လဲဆို ဒီစစ်အစိုးရက သိပ်စိတ်ချရတာ မဟုတ်ဘူးလေ။ တစ်ချက်တစ်ချက် မဘသတွေ ဘာတွေကနေတဆင့် တရုတ်ဆန့်ကျင်ရေးတွေ ဘာတွေလည်း လုပ်တတ်တော့ အဲဒီဟာကို ကြိုဟန့်လိုက်တာ ဖြစ်မယ်ထင်တယ်။ တရုတ်က ဗမာပြည်မှာထားတဲ့ ပေါ်လစီက တစ်သတ်မတ် တည်းပဲ။ သူက ဗမာပြည်ကို တည်ငြိမ်အေးချမ်း စေချင်တယ်။ သူ့ရဲ့ ကျမတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားတဲ့ ဟာတွေ ကို မထိခိုက်စေချင်ဘူး။ အဲဒီအခြေခံပေါ် ကနေပြီး သူဆွေးနွေးမှာပဲလေ။ နောက်ပြီး တစ်ချက်ပါတာ တွေ့လိုက် တာက ငလျင်လှုပ်လို့ ပျက်စီးသွားတဲ့ ဟာတွေကိုလည်း သူတို့ကူညီပြီး ဖြေရှင်းပေးပါမယ်ဆိုပြီးတော့ စစ်ကောင်စီ ကို ဟိုဒင်းပြုတဲ့သဘောပဲ။ သူက အခုလုပ်နေတာက အပစ်ခတ်ရပ်စဲရေးကို လုပ်နေတာကို။ အဲဒီတော့ ဗုံးကြဲနေ တဲ့ ကိစ္စတို့ဘာတို့ တဖြေးဖြေး လျော့အောင် တွန်းတွန်းတိုက်တိုက် လုပ်နေတယ်ထင်တယ်။ ဟိုဘက်ကိုလည်း လက်နက်ကိုင်အဖွဲ့တွေကိုလည်း ဖြောင်းဖျ၊ စစ်ကောင်စီကိုလည်း ဖြောင်းဖျ အဲဒီလို လုပ်နေတယ်နဲ့တူပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တောက်လျှောက် တစ်သတ်မတ်တည်းပဲ။ ကျမတို့ ဗမာပြည်ကို ငြိမ်းချမ်းစေချင် တာ၊ ဖွံ့ဖြိုးတိုးတက်စေချင်တာ၊ သူတို့ရဲ့ မဟာဗျူဟာဖြစ်တဲ့ ပိုးလမ်းမစီမံကိန်းတွေ အောင်မြင်အောင်၊ အပျက်အစီး မရှိအောင် ဒါပါပဲ” ဟု ပြောသည်။
တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၏ နိုင်ငံရေးအပြောင်းအလဲဖြစ်သည့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ထွက်ပြေးသွားပြီး အမေရိကန်နှင့်နီးစပ်သူ မိုဟာမက်ယူနွတ် အစိုးရအဖွဲ့ တက်လာပြီးနောက် မြန်မာနိုင်ငံကို ပိုမို ချဉ်းကပ်လာခြင်း ဖြစ်သည်။
နစကအနေဖြင့် တရုတ်နိုင်ငံခြားရေးဝမ်ယိ၊ တရုတ်ဝန်ကြီးချုပ် လီချန်း အပါအဝင် အထူးကိုယ်စားလှယ်များဖြင့် အကြိမ်ကြိမ် တွေ့ဆုံခဲ့သော်လည်း သမ္မတရှီကျင့်ဖျင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိုလည်း ထပ်မံကတိပြု ပြောကြားခဲ့ပြန်သည်။