CNI News

၂၀၂၅ ခုနှစ်၊ ဧပြီ ၇

နစကအနေဖြင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ကို “ဝ”ကဲ့သို့ နိုင်ငံရေး သဘောတူညီချက်မျိုး ပေးထားသလားဆိုသည့် အပေါ် စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များအကြား သုံးသပ်နေကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကို တိုက်ခိုက်၍ ထိန်းချုပ်ထားသည့် ကိုးကန့်တပ်ဖွဲ့(MNDAA)သည် လာမည့် ဧပြီလ ၂၁ ရက်နေ့ နောက်ဆုံးထား၍ မြို့ပေါ်မှ ဆုတ်ခွာရန် ပြင်ဆင်နေကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

နိုင်ငံရေးသဘောတူညီချက် တစ်စုံတစ်ရာ ရရှိထားမှသာ ထိုသို့ ဆုတ်ခွာခြင်း ဖြစ်နိုင်ကြောင်း၊ နိုင်ငံရေးသဘော တူညီချက်အနေဖြင့် နစကမှ MNDAA ကို “ဝ”ကဲ့သို့ အထူးဒေသအဖြစ် အုပ်ချုပ်နေမှုကို အသိအမှတ် ပြုလိုက် သည့် သဘောတွေ့ရကြောင်း NCA ထိုးထားသည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပေးပြီးသားပဲ SAC က။ အဲဒါဘာလဲဆိုတော့ သူတို့ရဲ့နယ်မြေချုပ်ကိုင်ခွင့် အခွင့်၊ ကိုးကန့်အထူးဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အ‌ရေး ဒါတွေက အလိုလိုရပြီးသားပဲ၊ အခုလည်း ရနေတာပဲ။ သို့သော် အဲဒီရနေတာကို SAC ဘက်က အသိအမှတ်ပြုလိုက်တဲ့သဘောပဲ။ မင်းတို့ နေခွင့်ရှိတယ်၊ အထူးဒေသကို အုပ်ချုပ်ခွင့်ရှိတယ်ဆိုတာ အသိအမှတ်ပြုပေးတဲ့ သဘောတော့ အသက်ဝင်သွားတာပေါ့။ ဥပမာ “ဝ” အထူးဒေသကို “ဝ”အုပ်ချုပ်နေသလိုပဲ အဲဒီလို နားလည်မှု အသိအမှတ်ပြုမှု ပေးလိုက်တဲ့သဘော တွေ့ရပါတယ်။ အဲဒီဒေသမှာ စစ်ရေးပဋိပက္ခ ပေါ်လာဖို့ အကြောင်းမရှိတော့ဘူးပေါ့။ ကိုးကန့်ကိုလည်း နားလည်မှု ပေးရပါမယ် ဒီကိစ္စမှာ။ ကိုးကန့်ဆိုတဲ့နယ်မြေ၊ ကိုးကန့် ဆိုတဲ့လူမျိုးက တရုတ်ပါပဲ အားလုံးယူနန်ပါပဲ။ သို့သော် ဗမာပြည်ကို အင်္ဂလိပ်သိမ်းပြီးတော့ အားလုံးကိုလိုနီပြုတဲ့ အချိန်မှာ တရုတ်ပြည်ကြီးကနေ အင်္ဂလိပ်ကိုလိုနီတွေကို လက်ဆောင်ပေးတဲ့နယ်မြေပါ။ လွတ်လပ်ရေး ရပြီးမှ ကိုးကန့်နယ်က ဗမာပြည် နယ်နိမိတ်ထဲ ပါလာသော်လည်း ကိုးကန့်ဆိုတာ “ဝ”အပိုင်နယ်မြေတွေ၊ အားလုံးက တရုတ်လူမျိုးတွေ” ဟု ပြောသည်။

လားရှိုးမြို့အတွင်းကို တွေ့ရစဉ်

လားရှိုးမြို့တွင် MNDAA ဆုတ်ခွာပြီးနောက် နစက၏ အုပ်ချုပ်ရေးယန္တရားများဖြင့် လည်ပတ်မည်ဖြစ်ကြောင်း၊ နစက၊ ကိုးကန့်တပ်နှင့် တရုတ်ကိုယ်စားလှယ်များပေါင်း၍ ရုံးထိုင်ကြမည့် အခြေအနေရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

ထိုသို့ ဆုတ်ခွာခြင်းသည် နစကဘက်မှ ဆုတ်ခိုင်းခြင်းမဟုတ်ဘဲ တရုတ်ဘက်မှ ဆုတ်ခွာရန် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလကတည်းက တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။

ထို့ပြင် MNDAA အနေဖြင့် လာရှိုးမှ အမှန်တကယ် ဆုတ်ခွာနေခြင်းမဟုတ်ဘဲ အခြားတိုက်ပွဲတစ်ခုကို ဖော်ဆောင်ရန် အယောင်ပြ လှုပ်ရှားနေခြင်း ဖြစ်နိုင်ကြောင်းလည်း ၎င်းတို့က သုံးသပ်နေကြသည်။

MNDAA အနေဖြင့် လားရှိုးမှ ဆုတ်ခွာခဲ့မည်ဆိုပါက နှစ်ဖက် စစ်ရေးပဋိပက္ခမရှိဘဲ လွယ်ကူစွာ ဖြေရှင်းသွားနိုင်မှာ ဖြစ်ပြီး မဆုတ်ခွာခဲ့ပါက နစကဘက်မှ ပြန်လည် တိုက်ခိုက်ပြီး ရအောင်ယူမည့် အနေအထားရှိကြောင်း သေနင်္ဂ မဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။ 

လားရှိုးမြို့အတွင်းမှာ MNDAA ရဲဘော်တွေကိုတွေ့ရစဉ်

၎င်းက “အဓိက ကတော့ လက်ရှိ ၂၀၀၈ အခြေခံဥပဒေရဲ့ ပေးထားချက်အရ MNDAA သည် လက်ရှိနေရာကို လက်နက်ကိုင်ပြီး သိမ်းထားတာဖြစ်တယ်။ ဆုတ်သည်ဖြစ်စေ မဆုတ်သည်ဖြစ်စေ ဗဟိုအစိုးရရဲ့ တရားဝင် အာဏာပြန်ပြီး သက်ရောက်အောင်က ပြန်ပြီးတော့ ဒီဖက်က လုပ်ယူရမှာပဲ။ အဲဒီတော့ သူတို့ဘာသာ ဆုတ်သွား ရင်တော့ နှစ်ဖက် စစ်ရေးပဋိပက္ခမရှိဘဲ လွယ်လွယ်ကူကူ ဖြစ်သွားနိုင်တာပေါ့။ မဆုတ်ဘူးဆိုရင်လည်း ဒီဘက်က ရအောင် ပြန်တိုက်ပြီးတော့ ယူရမှာပဲ။ ဆုတ်ခြင်း၊ မဆုတ်ခြင်းကိစ္စက ဟိုတုန်းကလည်း ၆ လအတွင်း ဆုတ်မယ် တို့ဘာတို့ ယူနန်မှာ သွားဆွေးနွေးတဲ့ ဆွေးနွေးပွဲတွေမှာ ကောလာဟလ အနေနဲ့ ထွက်ခဲ့တာတွေရှိတယ်။ တစ်ခုရှိ တာက ၂၂ ရက်နေ့ ဆုတ်မယ်ဆိုတော့ ကျနော်တို့လည်း စောင့်ကြည့်မှုတော့ ရှိတယ်။ ဒါပေမယ့် သူတို့ဘယ်လို ဆုတ်သွားမှာလဲ။ ဆုတ်သွားရင်တော့ တစ်မျိုးကောင်းတာကတော့ အပြင်မှာလည်း ထိခိုက်မှုမရှိဘဲနဲ့ အဖြေတစ်ခု ထွက်သွားတာပေါ့။ မဆုတ်ဘူးဆိုရင်တော့ ဒီဘက်က ပြန်တိုက်ယူရမယ့် အနေအထား။ ဆိုတော့ ဆုတ်ခဲ့မယ် ဆိုရင်တော့ ကောင်းတဲ့ အနေအထားပါ” ဟု ပြောသည်။

နစကဘက်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့(MNDAA)တို့အနေဖြင့် တရုတ်၏ ကြားဝင်စေ့စပ်ပေးမှု ကြောင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်းက ကူမင်းမြို့၌ ပထမအကြိမ် တွေ့ဆုံခဲ့ပြီး အဆင်မပြေဖြစ်ခဲ့ကြရာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဒုတိယအကြိမ် ထပ်မံတွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ဒုတိယအကြိမ် တွေ့ဆုံမှုတွင် ယာယီအပစ်အခတ်ရပ်စဲသည့် သဘောတူညီချက်ကို ရရှိခဲ့ကြောင်း တရုတ်ဘက်က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နစကနှင့် MNDAA တို့ ထပ်မံ တွေ့ဆုံဆွေးနွေး ခဲ့ကြပြီးနောက် ယခုကဲ့သို့ လားရှိုးမှ ပြန်လည်ဆုတ်ခွာမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

MNDAA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေး ကာလဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး လားရှိုးမြို့ကိုပါ ထိန်းချုပ်ထားခဲ့ခြင်းဖြစ်သည်။