CNI News 

၂၀၂၅ ခုနှစ်၊ ဧပြီ ၇

မြန်မာငလျင်ဘေးသင့် ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာမှ ယခုအချိန်အထိ လှူဒါန်းရန် ကတိပြုငွေ အမေရိကန် ဒေါ်လာ ၉၃ သန်းရရှိထားပြီးဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အကြီးအကဲဖြစ်သူ Mr. Tom Fletcher က ပြောသည်။

Mr. Tom Fletcher သည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေး ဆိုင်ရာ ညှိနှိုင်းရေးမှူးလည်း ဖြစ်သည်။

၎င်းဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၆ ရက်က နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံ၍ ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးစဉ် Mr. Tom Fletcher က ငလျင်ဘေးသင့် ပြည်သူများအား ကူညီရန်အတွက် နိုင်ငံတကာ မှ ယခုအချိန်အထိ လှူဒါန်းရန် ကတိပြုငွေ အမေရိကန် ဒေါ်လာ ၉၃ သန်း ရရှိထားကြောင်း၊ ကုလသမဂ္ဂ၏ အရေး ပေါ် ရန်ပုံငွေမှ အမေရိကန် ဒေါ်လာ ၅ သန်းအား အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ငွေကြေး ကူညီမှုများကို အသုံးပြု၍ အကူအညီပေးရေး လုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် ကုလသမဂ္ဂဝန်ထမ်းများကို စေလွှတ်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြန်မာငလျင်ဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်နေကြစဉ်

မြန်မာငလျင်ဘေးသင့် ပြည်သူများအတွက် အမေရိကန်က ဒေါ်လာ ၉ သန်း ထောက်ပံ့ပေးမည်ဟု ကတိပြုထား သလို အမေရိကန်၊ ဂျပန်၊ ဩစတြေးလျ၊ အိန္ဒိယတို့ ပါဝင်သည့် Quad(ကွတ်စ်)အဖွဲ့ကလည်း ဒေါ်လာ သန်း ၂၀ ထောက်ပံ့ပေးမည်ဟု ကတိပြုထားသည်။

မြန်မာနိုင်ငံတွင် မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးနှင့် နောက် ဆက်တွဲ ငလျင်ငယ်များ မတ်လ ၂၈ ရက်၌ လှုပ်ခတ်ခဲ့သည်။

ထိုငလျင်ကြောင့် လူပေါင်း ၃၀၀၀ ကျော် သေဆုံးပြီး ၄၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ ၄၀၀ ဝန်းကျင် ပျောက်ဆုံးလျက်ရှိသည်။

အလားတူ လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေးအဆောက်အအုံများ ပြိုကျပျက်စီးခဲ့သည်။

လက်ရှိမှာတော့ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့်ရှမ်းပြည် နယ်တို့ကို အရေးပေါ် အခြေအနေ ကြေညာထားပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီများ လိုအပ် လျက်ရှိသည်။