CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၁၂

မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့သော ဖျက်အားပြင်း ငလျင်ကြောင့် လူဦးရေ ၁ ဒသမ ၁ သန်းကို လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရန်အတွက် အမေရိကန် ဒေါ်လာ ၂၇၅ သန်း လိုအပ်ကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

အဆိုပါ အကူအညီလိုအပ်ချက်သည် ပြန်လည်ထူထောင်ရေးအတွက် မပါသေးဘဲ လတ်တလော ငလျင်ဘေးသင့် သူများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် စားဝတ်နေရေးအတွက် လိုအပ်ချက်သာရှိသေးကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရုံးက “ မြန်မာနိုင်ငံမှာ အဖျက်အားကြီးတဲ့ ငလျင်ကြီး လှုပ်ခဲ့အပြီး  ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုန့်ပြန်ရေး အစီအစဉ်ရဲ့ နောက်ဆက်တွဲ အရေးပေါ် အဆိုပြု လွှာတစ်ခုကို ရေးဆွဲခဲ့ပါတယ်။ ထိခိုက်မှု အပြင်းထန်ဆုံး ဒေသတွေက လူဦးရေ ၁ ဒသမ ၁သန်းကို အကူအညီတွေ ပေးနိုင်ဖို့ ကန်ဒေါ်လာ ၂၇၅ သန်းလိုအပ်ပါတယ်”ဟု ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ လှုပ်ခတ်လျက်ရှိသည်။

အဆိုပါ ငလျင်ကြောင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၁၁ ရက်အထိ စာရင်းအရ သေဆုံးသူ ၃၆၇၅ ဦးရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ ၅၀၂၀ ဦးနှင့် ပျောက်ဆုံးနေသူ ၁၄၁ ဦးရှိသည်။

ထို့နောက် လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ အစိုးရရုံးများ၊ ဝန်ထမ်းအိမ်ယာများ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဆက်သွယ်ရေးကွန်ရက်များ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူး ရေး ကွန်ရက်များ ပြိုကျပျက်စီးခဲ့သည်။