CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၅

မြန်မာငလျင်ဘေးသင့် ပြည်သူများအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီအနေဖြင့် အမေရိကန် အစိုးရက ကန်ဒေါ်လာ ၇ သန်း ထပ်လောင်း ကူညီပေးသွားမည်ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၂၀၂၅ ခုနှစ်၊ ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက်တွဲ ငလျင်ငယ်များ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့ခြင်းကြောင့် လူပေါင်း သန်းချီ ထိခိုက် ခံစားနေရသလို အိုးအိမ်များနှင့် လမ်းတံတားများ ပြိုကျပျက်စီးဆုံးရှုံးခဲ့ရသည်။

ထို့နောက် အမေရိကန်အစိုးရက လူသားချင်း စာနာထောက်ထားမှု အကူအညီ အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့မည်ဟု ကြေညာခဲ့ပြီးနောက် အမေရိကန် ဒေါ်လာ ၇ သန်း ထပ်တိုး ထောက်ပံ့ပေးမည်ဟု ဧပြီ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မြန်မာငလျင်ဘေးသင့် ပြည်သူများကို အမေရိကန် အစိုးရက အမေရိကန်ဒေါ်လာ စုစုပေါင်း ၉ သန်း ထောက်ပံ့မည်ဖြစ်သည်။

အမေရိကန်သံရုံးက “မိမိတို့၏ ဘေးအန္တရယ် ကျွမ်းကျင်ပညာရှင်များ ကနဦး အကဲဖြတ်ဆန်းစစ်ချက်များအရ  မြန်မာနိုင်ငံတွင်းမှ ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းများကို ပံ့ပိုးကူညီရန် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၇ သန်းခန့်ကို ထပ်တိုးရန်ပုံငွေအဖြစ် အသုံးပြုသွားပါမည်။ မတ် ၃၁ တွင် ကြေညာခဲ့သည့် ‌အမေရိကန်ဒေါ်လာ ၂ သန်း နှင့် ယခုထပ်လောင်းပေးအပ်မည့် အထောက်အပံ့များမှတဆင့် ငလျင်ဘေးဒဏ်သင့် အသိုက်အဝန်းများအတွက် အရေးပေါ် နားခိုရာ၊ စားနပ်ရိက္ခာ၊ ဆေးဝါးပစ္စည်းများ နှင့် သောက်သုံးရေတို့ကို ပေးအပ်သွားပါမည်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ငလျင်ကြောင့် သေဆုံးသူ ၃၀၈၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၇၁၅ ဦး၊ ပျောက်ဆုံးနေသူ ၃၄၁ ဦး ရှိကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၃ ရက် နံနက် ၈ နာရီအထိ စာရင်းအရ သိရသည်။

ထို့ပြင် လမ်းတံတားများ၊ လူနေအိမ်များ၊ ဟိုတယ်များ၊ ဘာသာရေး အဆောက်အအုံများ၊ ကားများ စသဖြင့် ပြိုကျ ပျက်စီးဆုံးရှုံးခဲ့ကြရသည်။