CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ
အမေရိကန်ကူညီစောင့်ရှောက်ရေးအဖွဲ့ တစ်ခုဖြစ်သည့် Samaritan's Purse အဖွဲ့က မြန်မာနိုင်ငံက ငလျင်ဘေး သင့်ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပေးအပ်နိုင်ရန် ယာယီဆေးရုံတစ်ခုကို ဧပြီ ၈ ရက်တွင် တည်ဆောက်နေသည်။
Samaritan's Purse အဖွဲ့က ဖွင့်လှစ်သည့် ယာယီဆေးရုံသည် နေပြည်တော်မှာ တည်ရှိပြီး တစ်ရက်လျှင့် လူနာ ၂၀၀ အထိ ကုသပေးနိုင်ကြောင်း သိရသည်။
ထိုဆေးရုံတွင် အရေးပေါ်ခန်း၊ ICU၊ ဆေးဆိုင်၊ ဓာတ်ခွဲခန်းနှင့် ခွဲစိတ်မှု ဒါဇင်ပေါင်းများစွာကို နေ့စဉ် ကိုင်တွယ် နိုင်သည့် ခွဲစိတ်ခန်း ၂ ခန်းတို့ပါဝင်ကြောင်း Samaritan's Purse ထုတ်ပြန်ခဲ့သည်။
လက်ရှိတွင် ငလျင်ဒဏ်ကြောင့် အရိုးကျိုး၍ ခွဲစိတ်မှု ကုသရန် စောင့်ဆိုင်းနေသည့် လူနာ ၁၀၀ နီးပါးရှိကြောင်း Samaritan's Purse ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
Samaritan's Purse သည် မြန်မာနိုင်ငံမှ ငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် ဧပြီ ၇ ရက်က 747 ကုန်တင်လေယာဉ်တစ်စီးဖြင့် ကယ်ဆယ်ရေးပစ္စည်း ၁၀၄ တန် တင်ဆောင်ခဲ့ကြောင်း၊ ထိုပစ္စည်းများ မှာ ရေစစ်စနစ် ၆ ခု၊ အရေးပေါ် အမိုးအကာ ပစ္စည်းများ၊ ဆိုလာမီးများ၊ တစ်ကိုယ်ရေ သန့်ရှင်းရေးသုံးပစ္စည်းများ ပါဝင်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် မြန်မာငလျင်ဘေးသင့် ပြည်သူများ ကူညီကယ်ဆယ်ရေးအတွက် အမေရိကန် ဒေါ်လာ ၉ သန်း ထောက်ပံ့ပေးရန် ကတိပြုထားသည်။