စင်္ကာပူယာယီဆေးရုံ မန္တလေးဗထူးကွင်းမှာ ဖွင့်လှစ်ထား
CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၈
ငလျင်ဘေးသင့် မြန်မာနိုင်ငံသားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် စင်္ကာပူနိုင်ငံက မန္တလေး၊ ဗထူးအားကစားကွင်းတွင် ဧပြီ ၇ ရက်က စတင်၍ ဖွင့်လှစ်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဗထူးအားကစားကွင်းတွင် စင်္ကာပူနိုင်ငံ၏ ယာယီဆေးရုံ ဖွင့်လှစ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နေကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။
မြန်မာနိုင်ငံဆိုင်ရာ စင်္ကာပူသံရုံးက “စင်္ကာပူ အရေးပေါ်ဆေးအဖွဲ့ (SGEMT)သည် မန္တလေးမြို့ ဗထူးအားကစား ကွင်းတွင်ရှိပြီး မန္တလေးအထွေထွေဆေးရုံကြီးမှ ၁၀ မိနစ်ခန့်သာ လမ်းလျှောက်ရပါသည်။ လူနာများအနေဖြင့် ဧပြီလ ၇ ရက်မှ ဧပြီလ ၁၃ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ အခမဲ့ ဆေးကုသမှု ခံယူနိုင်ပါ သည်” ဟု ထုတ်ပြန်ထားသည်။
မန္တလေးမြို့၊ ဗထူးအားကစားကွင်းမှာ ဖွင့်လှစ်ထားတဲ့ စင်္ကာပူယာယီဆေးရုံကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က မန္တလေးမြို့အနီး စစ်ကိုင်းမြို့ကို ဗဟိုပြု၍ ငလျင်ကြီးတစ်ခုနှင့် နောက်ဆက် တွဲ ငလျင်ငယ်များ လှုပ်ခတ်ခဲ့သည်။
အဆိုပါ ငလျင်ကြောင့် လူပေါင်း ၃၆၀၀ သေဆုံးပြီး ၅၀၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် မန္တလေးမြို့မှာ စင်္ကာပူ၊ အိန္ဒိယ၊ ရုရှား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံများမှ ယာယီဆေးရုံများ ဖွင့်လှစ်၍ ငလျင်ဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။