CNI News
၂၀၂၅ ခုနှစ်၊ ဧပြီ ၇

မြန်မာနိုင်ငံ၊ မန္တလေးမြို့အနီးလှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် လူပေါင်း ၃၆၀၀ သေဆုံးပြီး ၅၀၁၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်တွင် နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ထို့နောက် ပျောက်ဆုံးနေသူ ၁၆၀ ဦးရှိကြောင်း၊ ထိုစာရင်းသည် ၂၀၂၅ ခုနှစ်၊ ဧပြီ ၇ ရက်နေ့ အထိ စာရင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းက " ကူညီကယ်ဆယ်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဒီနေ့အထိ နိုင်ငံပေါင်း ၂၀ က လေယာဉ် ၉၄ ခေါက်၊ မော်တင်ယာဉ် ၆ စီး၊ သင်္ဘော  ၅ စီး ရောက်ရှိ ကူညီပြီးဖြစ်ပါတယ်။ ကယ်ဆယ်ရေး ဝန်ထမ်းပေါင်း ၁၇၃၈ ဦး လွှတ်ပြီး ကယ်ဆယ် ကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ထောက်ပံ့ရေးပစ္စည်း ၁၂၈၁ တန် ကျော်၊ ကယ်ဆယ်ရေးပစ္စည်း ၈၈၄ တန်ကျော် ရောက်ရှိပြီးဖြစ်ပါတယ်။ ကူညီကယ်ဆယ်မှုတွေအနေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့တွေ၊ ပြီးရင် နိုင်ငံတကာက ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အသက်ရှင်လျက် အမျိုးသား ၃၃၈ ဦး၊ အမျိုးသမီး ၃၁၅ ဦး၊ စုစုပေါင်း ၆၅၃ ဦး၊ DB တွေ့ရှိမှုအနေနဲ့ အမျိုးသား ၃၄၀ ဦး၊ အမျိုးသမီး ၃၆၀ ဦး၊ စုစုပေါင်း ၇၀၀ ဦး ကူညီကယ်ဆယ်နိုင်ခဲ့ပါတယ်"ဟု ပြောသည်။

ငလျင်သင့် ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်ပေးနေတဲ့ အိန္ဒိယရဲ့ယာယီဆေးရုံကို နစကဥက္ကဋ္ဌ လာကြည့်စဉ်

လက်ရှိ မန္တလေးငလျင် ကယ်ဆယ်ရေးကို အမေရိကန်၊ ရုရှား၊ တရုတ်/ဟောင်ကောင်၊ အိန္ဒိယ၊ ဘူတန်၊ သီရိလင်္ကာ၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ယူအေအီး၊ ထိုင်း၊ ဘယ်လာရုစ်၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ လာအို၊ အင်ဒိုနီးရှား၊ ဂျပန်၊ နီပေါ၊ တူရကီ စသည့် နိုင်ငံများမှ ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြီးကို မန္တလေးငလျင်ဟု ခေါ်ဝေါ်သတ်မှတ်ရန် နစက-က ထုတ်ပြန်ခဲ့သည်။