CNI International News

ဝါရှင်တန်၊ ဧပြီ ၈

ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ၏ အပြန်အလှန် ကုန်သွယ်ခွန် များ တိုးမြှင့်ကောက်ခံကြောင်း ကြေညာချက်ကြောင့် ကမ္ဘာလုံးဆိုင်ရာ စျေးကွက်များသည် ဧပြီ ၇ ရက်တွင် ကျဆင်းသွားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

နိုင်ငံအများအပြားသည် အမေရိကန်၏ ကုန်သွယ်ခွန်တိုးမြှင့်မှုကို မည်ကဲ့သို့ တုန့်ပြန်ရမလဲ အဖြေရှာနေချိန်တွင် တရုတ်နှင့် နိုင်ငံအချို့ကမူ အလျင်အမြန် တုန့်ပြန်ခဲ့ကြသည်။

ဟောင်ကောင်တွင် တည်ငြိမ်မှုမရှိသည့် စျေးကွက်များ၏ အခြေအနေကြောင့် အခွန်နှင့်ပတ်သက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံချက်များသည် အာမခံချက်မရှိကြောင်း ဟောင်ကောင် ဘဏ္ဍာရေး အတွင်းဝန် ပေါလ်ချန်း (Paul Chan) က ပြောကြားခဲ့သည်။

ဧပြီ ၇ ရက်က ဟောင်ကောင်၏ စတော့ရှယ်ယာစျေးကွက်သည် ၁၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး နိုင်ငံအချို့တွင် ရင်းနှီးငွေများ စီးဆင်းမှုသည်လည်း အဟန့်အတား ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

စတော့ဈေးကွက်ကို တွေ့ရစဉ်

ပြီးခဲ့သည့်နှစ်က ဂျာမနီသည် ဆယ်စုနှစ် တစ်စုနီးပါးအတွင်း တရုတ်ကို ကျော်လွန်ပြီး အမေရိကန်၏ အကြီးဆုံး ကုန်သွယ်ဘက် နိုင်ငံဖြစ်ခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင်လည်း အမေရိကန်သို့ တင်ပို့သည့် ပို့ကုန်ကဏ္ဍ မြင့်တက်ခဲ့သော်လည်း ထရမ့်၏ ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမည့် ကြေညာချက်ကြောင့် လာမည့်လများအတွင်း အမေရိကန်သို့ ပို့ကုန်ကဏ္ဍ အခြေအနေသည် သေချာရေရာမှုမရှိကြောင်း ဂျာမနီ၏ ပို့ကုန်လုပ်ငန်းရှင်များအသင်းက ပြောကြားခဲ့သည်။

ထို့ပြင် ဥရောပ၏ စတော့ရှယ်ယာ စျေးများလည်း စျေးကွက်အဖွင့်ပိုင်းတွင် ကျဆင်းခဲ့ပြီး ဂျာမနီ၏ DAX  ရှယ်ယာ သည် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ပြင်သစ်၏ CAC 40 ရှယ်ယာသည် ၅ ဒသမ ၇ ရာခိုင်နှုန်း ဗြိတိန်၏ FTSE 100  ရှယ်ယာသည် ၄ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အင်ဒိုနီးရှားကမူ ထရမ့်၏ အပြန်အလှန် ကုန်သွယ်ခွန် ၃၂ ရာခိုင်နှုန်း ကောက်ခံမှုကို လက်တုန့်ပြန်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

စတော့ဈေးကွက်ကို တွေ့ရစဉ်

ထိုအရေးကိစ္စကို သံတမန်နည်းလမ်း၊ ဆွေးနွေးညှိနှိုင်းရေး နည်းလမ်းများဖြင့် အဖြေရှာသွားမည်ဟု အင်ဒိုနီးရှား အစိုးရအဖွဲ့က ပြောသည်။

တောင်ကိုရီးယားကလည်း ကုန်သွယ်ခွန်များ တိုးမြှင့်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ပြုလုပ်ရန် ကုန်သွယ်ရေး ညှိနှိုင်းဆောင်ရွက်သူတစ်ဦးကို ယခုသီတင်းပတ်အတွင်း ဝါရှင်တန် (Washington) သို့ စေလွှတ်သွားမည် ဖြစ်သည်။

ပါကစ္စတန်ကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး အစိုးရကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို ယခုလအတွင်း အမေရိကန်သို့ စေလွှတ်ရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်း၏ စတော့ရှယ်ယာ စျေးကွက်များလည်း ကျဆင်းခဲ့ကာ၊ ရေနံစျေးနှုန်းများလည်း သိသာစွာ ကျဆင်းခဲ့သဖြင့် ရေနံထုတ်လုပ်မှုအပေါ် မှီခိုနေရသည့် နိုင်ငံများကို အခက်တွေ့စေခဲ့သည်။

Source: အေပီ