CNI International News
ဘေဂျင်း ၊ မတ်လ ၂၂
အမေရိကန်၏ အခွန်များ တိုးမြှင့်ကောက်ခံမှုနှင့် ဆက်နွှယ်သည့် ပြည်ပ စိန်ခေါ်မှုများ မြင့်တက်လာချိန်တွင် ကြုံတွေ့လာရနိုင်သော အခက်အခဲများကို ဖြေရှင်းနိုင်စွမ်းအား မြှင့်တင်ကြရန် တရုတ်ဝန်ကြီးချုပ် လီချင် (Li Qiang) က တရုတ်၏ ပြည်ပကုန်သွယ်ရေး လုပ်ငန်းများကို တိုက်တွန်းခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
“လက်ရှိ ပြည်ပကုန်သွယ်ရေး အခြေအနေက ရှုပ်ထွေးပြီး ဆိုးရွားနေပါတယ်” ဟု လီက မတ်လ ၁၈ ရက်မှ မတ်လ ၂၀ ရက်အတွင်း ဖူကျန်း (Fujian) ပြည်နယ်သို့ သွားရောက်သည့် လေ့လာရေးခရီးစဉ်အတွင်း စီးပွားရေး လုပ်ငန်း များ၏ ကိုယ်စားလှယ်များနှင့် ပြုလုပ်သော ဆွေးနွေးပွဲအတွင်း ပြောကြားခဲ့သည်။
“ကျနော်တို့အနေနဲ့ စိန်ခေါ်မှုတွေကို စည်းလုံးညီညွတ်စွာ ရင်ဆိုင်ဖို့ သန္နိဋ္ဌာန်ချထားရပါမယ်။ ကျနော်တို့ရဲ့ အခက်အခဲ ဖြေရှင်းနိုင်စွမ်းကိုလည်း အမြဲမပြတ် မြှင့်တင်နေရပါမယ်”ဟု လီက ပြောသည်။
ထို့ပြင် စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့၏ စျေးကွက်ကို ဖြန့်ကြက်ရန်၊ ကုန်သွယ်ရေးလမ်းကြောင်းများကို ဖော်ဆောင်ရန်၊ ကုန်ထုတ်လုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်တွင်းနှင့် ပြည်ပကုန်သွယ်ရေး ပေါင်းစပ် မှုကို အရှိန်မြှင့်တင်ရန် အားတက်သရော ကြိုးပမ်းလုပ်ဆောင်ကြရန်လည်း လီက တိုက်တွန်းခဲ့သည်။
တရုတ်ဝန်ကြီးချုပ် လီချင်ကို တွေ့ရစဉ်
ပို့ကုန်ကဏ္ဍသည် ကမ္ဘာ့ ဒုတိယစီးပွားရေး အင်အားအကြီးဆုံး တရုတ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက မောင်းနှင်အားများထဲတွင် တစ်ခု အပါအဝင်ဖြစ်သည်။
လက်ရှိတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာချိန်၌ အမေရိကန်သို့ တင်ပို့သည့် တရုတ်၏ ကုန်စည်များကို အခွန်များတိုးမြှင့် ကောက်ခံနေသဖြင့် ဖိအားများနှင့် ရင်ဆိုင်နေရချိန်မှာ လီ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပုဂ္ဂလိက ကုမ္ပဏီများသည် တရုတ်၏ ပြည်ပကုန်သွယ်ရေးတွင် ပါဝင်နေသည့် အကြီးဆုံး အကြောင်းရင်းခံများ ဖြစ်ကြောင်း လီက ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
“အလွှာပေါင်းစုံမှာရှိနေတဲ့ အာဏာပိုင်တွေ အနေနဲ့ ပြီးခဲ့တဲ့လက ဘေဂျင်းမှာ ပြုလုပ်ခဲ့တဲ့ ပုဂ္ဂိလိက စီးပွားရေး လုပ်ငန်းများ ဆွေးနွေးပွဲရဲ့ အနှစ်သာရတွေကို အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ စီးပွားရေး အခြေအနေကို ဖန်တီးဖို့နဲ့ ခိုင်မာတဲ့ မူဝါဒတွေချမှတ်ပြီး ကူညီပေးသင့်ပါတယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများအနေဖြင့် အခက်အခဲကို အနိုင်ယူ ကျော်ဖြတ်မည့် စိတ်ဓာတ်ကို မွေးမြူထားကြရန်လည်း လီက တိုက်တွန်း ပြောကြားခဲ့သည်။
Source: South China Morning Post