CNI International News

ဒီမာပူရ၊ မတ်လ ၂၂

နာဂပြည်နှင့် နာဂလူမျိုးများအတွက် မိမိတို့၏ ထူးခြားသည့် သမိုင်းကြောင်းနှင့် အချုပ်အခြာအာဏာကို စစ်မြေပြင်တွင်သာမက ဆွေးနွေးပွဲ စားပွဲဝိုင်းတွင်လည်း လက်နက်ချ အညံ့ခံသွားမည် မဟုတ်ကြောင်း NSCN-IM ၏ အတွင်းရေးမှူးချုပ် ဗွီးဗာ(Th Muivah)က မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း poknapham သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၂၀၀၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက် အမ်စတာဒမ် ပူးတွဲကြေညာချက်နှင့် ၂၀၁၅ ခုနှစ်၊ ဩဂုတ် ၃ ရက် မူဘောင် သဘော တူညီချက်တို့အရ နိုင်ငံရေးအရ ပြေလည်မှုရရှိအောင် ဆွေးနွေးခြင်းဖြင့် နောက်ဆုံး နိုင်ငံရေး သဘောတူညီချက် ကို ရရှိစေရန် လုပ်ဆောင်သွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

NSCN/GPRN (NSCN-IM) ပူးတွဲခေါင်းဆောင်မှုကဏ္ဍ ကြေညာချက်နှင့် ထပ်မံ အတည်ပြုရေး ပွဲအခမ်းအနားတွင် ဗွီးဗာ(Th Muivah)က မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုမိန့်ခွန်းကို NSCN-IM ၏ သတင်းပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“အခုလို မင်္ဂလာရှိတဲ့ နေ့ရက်ဖြစ်တဲ့ ၂၀၁၅ ခုနှစ်၊ မတ်လ ၂၀ ရက်မှာ NSCN/GPRN ပူးတွဲခေါင်းဆောင်မှုရဲ့ ကဏ္ဍ ကို ထပ်မံ အတည်ပြုရေးအတွက် NSCN ရဲ့ အဖွဲ့ဝင်တွေနဲ့ ဘုရားသခင်ရဲ့ ဘုန်းတော်ကြီးမြတ်မှုကို ကျနော် ကျေးဇူးတင်ပါတယ်” ဟု ဗွီးဗာက ပြောကြားခဲ့သည်။

NSCN-IM ခေါင်းဆောင် ဗွီးဗာကို တွေ့ရစဉ်

ဘုရားသခင်သည် နာဂလူမျိုးများ၏ မျိုးဆက်တိုင်းအတွက် ၎င်း၏ စိတ်ဆန္ဒနှင့် ရည်ရွယ်ချက် အတွင်းတွင်ရှိသည့် လူပုဂ္ဂိုလ်များ ရွေးချယ်ခဲ့ကြောင်း၊ ယခင် ခေါင်းဆောင်များကိုလည်း ကျေးဇူးတင်ကြောင်း ၎င်းက ဆိုသည်။

မိမိအနေဖြင့် နာဂလူမျိုးများ၏ လွတ်လပ်မှုနှင့် အချုပ်အခြာအာဏာအတွက် အားထုတ်ကြိုးပမ်းသွားမည်ဟု သန္နိဋ္ဌာန်ချထားကြောင်း၊ နာဂလူမျိုးများ၏ သမိုင်းတွင် ပါဝင်ခွင့်ရရှိခဲ့သည့်အတွက် ဂုဏ်ယူကြောင်း ဗွီးဗာက ပြောသည်။

ထို့ပြင် နာဂပြည်သည် မရေမတွက်နိုင်သည့် လွတ်လပ်ရေး တိုက်ခိုက်ရေးသမားများ၊ ရဲရင့်သည့် စစ်ဗိုလ်ချုပ် များနှင့် သတ္တိရှိသော စစ်သားများအပေါ် ကျေးဇူးကြွေး တင်နေကြောင်းလည်း ဗွီးဗာက ပြောကြားခဲ့သည်။

နာဂပြည် အမျိုးသားလွတ်လပ်ရေးနှင့် လွတ်မြောက်ရေးလှုပ်ရှားမှုကို ထောက်ခံပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နာဂလူမျိုးစုများနှင့် လူ့အဖွဲ့အစည်းများ အပေါ်တွင်လည်း ကျေးဇူးကြွေးများရှိကြောင်း ဗွီးဗာက ပြောသည်။

အဆုံးသတ်တွင် ဘုရားသခင်၏ ပြည့်စုံကောင်းမြတ်သည့် စိတ်ဆန္ဒနှင့် ရည်ရွယ်ချက်ဖြင့် အခက်အခဲအားလုံးကို ကျော်လွှားနိုင်မည်ဆိုခြင်းကို မိမိအနေဖြင့် ယုံကြည်ထားကြောင်းလည်း ဗွီးဗာက ပြောကြားခဲ့သည်။

Source: Poknapham