CNI International News
နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၈
နာဂလက်နက်ကိုင်နှင့်အိန္ဒိယအစိုးရကြား ရပ်တန့်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် လွှတ်တော်အမတ် ၂၁ ဦးက တိုက်တွန်းခဲ့ကြောင်း Mokokchung Times သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
နာဂငြိမ်းချမ်းရေး ပြန်စဖို့အတွက် အိန္ဒိယပြည်ထဲရေးဝန်ကြီး အမစ်ရှား (Amit Shah) ကို နားလည်မှု စာချွန်လွှာ တစ်ခု တင်သွင်းခဲ့သည့် လွှတ်တော်ကိုယ်စားလှယ် ၂၁ ဦးကို အလွန်ကျေးဇူးတင်ကြောင်း ကမ္ဘာလုံးဆိုင်ရာ နာဂဖိုရမ်(GNF)က ပြောကြားခဲ့သည်။
ထိုနားလည်မှု စာချွန်လွှာတွင် အိန္ဒိယ-နာဂ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လျှင်မြန်စွာ လုပ်ဆောင်ရန် အိန္ဒိယ အစိုးရကို တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုလုပ်ဆောင်ချက်သည် ရှားပါးသည့် နိုင်ငံရေးရဲစွမ်းသတ္တိနှင့် ကိုယ်ချင်းစာတရားကို ပြသသည့် လုပ်ဆောင်ချက်ဖြစ်ကြောင်း GNF က ပြောကြားခဲ့သည်။
NSCN-IM တပ်ဖွဲ့ကို တွေ့ရစဉ်
“လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကြားဝင်လုပ်ဆောင်မှုဟာ အိန္ဒိယနိုင်ငံတစ်ဝန်းက နိုင်ငံရေးသမားတွေနဲ့ ကျွမ်းကျင်သူတွေကြားမှာ အင်တိုက်အားတိုက် လုပ်ဆောင်ဖို့လိုအပ်တဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ရေရှည်မျက်ကွယ်ပြုခံခဲ့ရတဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ငန်းစဉ်ကို ပေါ်လွင်စေခဲ့ပါတယ်”ဟု GNF က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် အဓိပ္ပာယ်ပြည့်ဝပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ကြေညာချက်တစ်ခု မရမချင်း ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်ကို ဆက်လက် ထောက်ခံအားပေးရန်လည်း GNF က တိုက်တွန်းခဲ့သည်။
ထို့နောက် နှစ်ဦးနှစ်ဖက် ပြေလည်မှု ရရှိခြင်းသည် နာဂလူမျိုးများအတွက် သာမကဘဲ နိုင်ငံတကာတွင် အိန္ဒိယ၏ ဒီမိုကရေစီ တည်တံ့ခိုင်မြဲမှုနှင့် တရားမျှတမှုတို့ကိုလည်း အထောက်အကူ ဖြစ်စေလိမ့်မည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အိန္ဒိယ-နာဂ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းမှုကို ရည်ရွယ်ချက်ရှိရှိ မျက်ကွယ်ပြုခံထားရသည့် အကြောင်းကို အလေးထားဖော်ပြခြင်းသည် အိန္ဒိယဆန့်ကျင်သည့် လုပ်ဆောင်ချက် မဟုတ်ကြောင်းနှင့် အစိုးရသည် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ်တွင် စံနှုန်း ၂ မျိုးဖြင့် ကိုင်တွယ်ဆောင်ရွက်နေသည်ဟု GNF က စွပ်စွဲခဲ့သည်။
နာဂပြည်နယ်ဝန်ကြီးချုပ် အာရ်အန် ရာဗီနဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်
အစိုးရသည် ဆွေးနွေးရေး လုပ်ငန်းစဉ်ကို လမ်းလွဲစေရန် ကြိုးပမ်းနေပြီး နာဂလူမျိုးများအပေါ် အပြစ်ပုံချ နေသည့်တိုင် အခြေအနေ အရပ်ရပ်ကို နှစ်ဖက်စလုံးရှိ အတွင်းစည်းမှ လူများနှင့် လေ့လာသူများက သိရှိ နားလည်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကြီးမားသည့် အောင်မြင်မှုအဖြစ် ဂုဏ်ပြုခံခဲ့ရသည့် NSCN-IM နှင့် အစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည့် ၂၀၁၅ ခုနှစ် မူဘောင်သဘောတူညီချက် (FA) အား ဝန်ကြီးချုပ်မိုဒီ အစိုးရအဖွဲ့၏ ကိုင်တွယ်ဆောင်ရွက်ပုံကိုလည်း GNF က ဝေဖန်ခဲ့သည်။
“မိုဒီအစိုးရအဖွဲ့ဟာ အဲဒီသဘောတူညီချက် လက်မှတ်ရေးထိုးခဲ့မှုအပေါ် နောင်တရနေပုံပေါ်ပါတယ်”ဟု GNF က ပြောကြားခဲ့သည်။
ထိုသဘောတူညီချက် လက်မှတ်ရေးထိုးပြီးနောက် ၂ နှစ်အကြာတွင် ထိုအချိန်က နာဂပြည်နယ်ဝန်ကြီးချုပ် အာရ်အန် ရာဗီ (RN Ravi) က အခြားနာဂအုပ်စုများနှင့် ရပ်တည်ချက် သဘောတူညီမှု (AP) လက်မှတ်ရေးထိုး ခဲ့မှုကို ထောက်ပြခဲ့သည်။
AP သဘောတူညီချက်သည် FA သဘောတူညီချက်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသဖြင့် ဆယ်စုနှစ် တစ်စုကြာ မျှော်လင့်ခဲ့ရသည့် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်ခဲ့ရကြောင်း GNF က ပြောကြားခဲ့သည်။
Source: Mokokchung Times